ကသာ ၁၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ဖိုးသာအောင်ကျေးရွာ၌ ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်သော ကျေးလက်ဆေးပေးခန်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါ ဆေးခန်း မုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ဌေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်မျိုးကျော် နှင့် ကျေးလက်ကျန်းမာရေးမှူး ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကျေးလက်ဆေးပေးခန်းသည် ဖိုးသာအောင်ကျေးရွာမှ ဒေသခံပြည်သူလူထု ထည့်ဝင်ငွေ ကျပ်သိန်း (၁၂၀) ဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လက စတင်ဆောက်လုပ်ခဲ့ပြီး အလျား (၅၅) ပေ၊ အနံ (၃၀) ပေ ရှိသော အုပ်ညှပ် သွပ်မိုး တစ်ထပ်အဆောက်အဦဖြစ်ကာ ထောင့်တလီ၊ ရွာသစ်၊ ပိုးဇာကုန်း၊ ဖိုးသာအောင် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
နိုင်လင်းထက်(ပြန်/ဆက်)