ကသာ ၈ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအား ယနေ့ နံနက် ၉ နာရီက ကသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကသာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်သူရစိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ "စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများအား ရပ်ရွာလူထုအတွင်း မူးယစ်ဆေးဝါးပြဿနာများအား ပညာပေးစည်းရုံးဆောင်ရွက်ခြင်း၊ လူမှုအဖွဲ့ အစည်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများတွင် တာဝန်ယူဆောင်ရွက်သွားမည့် ပုဂ္ဂိုလ်များအား အသစ်လေ့ကျင့် မွေးထုတ်ပေးရေး၊ လူငယ်အတွင်း မူးယစ်ဆေးဝါး အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းတတ်စေရန်၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်၊ မူးယစ် ဆေးဖြတ်ကုသရေး နှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်း သင်တန်းသားများအား မိသားစု၊ ရပ်ရွာ၊ လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့်အခါ စေတနာ့ဝန်ထမ်းကြီးကြပ်ရေးမှူးများက နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်း (After Care Services) ကို ဆောင်ရွက်ပေးခြင်းဖြင့် မူးယစ်ဆေးဝါး ပြန်လည် မသုံးစွဲစေရန်အတွက် အထောက်အကူဖြစ်စေရန်" စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းသို့ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ စေတနာ့ဝန်ထမ်း သင်တန်းသား (၃၅) ဦး တက်ရောက် သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၂) ရက်နေ့ထိ (၅) ရက်ကြာ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ဥပဒေဉပဒေ အရာရှိ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင့်ရေးအသင်း (ကသာမြို့နယ်) တို့မှ မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းနှင့် ပတ်သက်သော သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်မျိုးကျော် (ကသာ)