ကသာ  ၂၈  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကသာမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ် ကျေးရွာများမှ ကျွဲ၊ နွားတိရစ္ဆာန်များအတွက် တိရစ္ဆာန်မွေးမြူရေးအစာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကသာမြို့ရှိ သက်ပန်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် ကသာခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဌေးဇော်ဦးက ရေကြီး နစ်မြုပ် ကျေးရွာများသို့ တိရစ္ဆာန်မွေးမြူရေးအစာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ နှင့် တက်ရောက်လာသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တိရစ္ဆာန်မွေးမြူရေး အစာများ အသီးသီး ပေးအပ်ခဲ့သည်။

 

ကသာမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ကျေးရွာအုပ်စု(၁၆) စုတို့မှ ကျေးရွာ(၆၈)ရွာရှိ ကျွဲ၊ နွားကောင်ရေ(၅၂၀၆)ကောင်တို့အတွက် ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက်မှ သဘာဝဘေးဒဏ် သင့်ဒေသများသို့ တိရစ္ဆာန်အစာနု ထောက်ပံ့မှု အစီအစဉ်ဖြင့် ထောက်ပံ့ပေးသည့် တိရစ္ဆာန်မွေးမြူရေးအစာ အိတ်ပေါင်း(၃၂၅) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အစာအိတ်တစ်အိတ်လျှင် ကာလတန်ဖိုး ငွေကျပ် ၃၀၀၀၀ ခန့်နှုန်းဖြင့် အိတ်ပေါင်း (၃၂၅)အိတ်၏ စုစုပေါင်းတန်ဖိုး ငွေ(၉၇) သိန်းခန့်ရှိကြောင်း၊ အဆိုပါရေကြီး နစ်မြုပ်ကျေးရွာများသို့ တိရစ္ဆာန်မွေးမြူရေး အစာများ ထောက်ပံ့ပေးအပ်ခြင်းကို ကသာခရိုင်အတွင်းရှိ ထီးချိုင့်မြို့နယ်တွင် လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း ကသာခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)