ကသာ ၅ နိုဝင်ဘာ     

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်  အမှတ်စဉ် (၁/၂၀၁၉) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ (၁၀) နာရီ အချိန်က ဘွက်ကျေးရွာ ၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

2

 

အခမ်းအနားတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုး က အဖွင့်မိန့်ခွန်း ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဖေ နှင့် အရန်မီးသတ်တပ်ဖွဲ့ ဒုတိယ တပ်ရင်းမှူး ဦးခင်မောင်လေး တို့က သင်တန်းသားများအား  စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာသင်ယူကြရန် နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးသူက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက် တာဝန် (၄) ရပ်နှင့် လုပ်ငန်းစဉ် (၇) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ် အရင်းအနှီး၊ အဆောက်အဦများအား မီးဘေး အန္တရာယ်မှ ကာကွယ်ရေး နှင့် သဘာဝဘေး အန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်စွမ်းရည်၊  ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည် ဆိုသည့် စွမ်းရည် (၄) ရပ် ထက်မြက်နေရန် အတွက် ယခုကဲ့သို့ မွမ်းမံ သင်တန်းများ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချသော စာတွေ့လက်တွေ့များကို အလေးအနက်ထား ကြိုးစားသင်ယူကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းသို့  ဘွက်ကျေးရွာ  အုပ်စုအတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက် သင်ယူကြမည်ဖြစ်ပြီး သင်တန်းကာလ မှာ နိုင်ဝင်ဘာ (၁၁) ရက် မှ (၂၉) ရက်အထိ လက်တွေ့မီးငြှိမ်းသတ်နည်းများနှင့် ရှာဖွေကယ်ဆယ်ရေးနည်းများအား စာတွေ့၊လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟန်မျိုးကျော် (ကသာ)