ကသာ ၅  ဖေဖော်ဝါရီ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့်  ကသာမြို့နယ်၊ မင်းလယ် ကျေးရွာအုပ်စု၊ မက်လင်ချောင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိသည်။

 

888

 

အဆိုပါလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် (၇၇.၉)သန်းဖြင့် အရှည် (၁၂)မိုင် (၂)ဖာလုံ၊ အကျယ်(၁၂)ပေ၊ အမြင့်(၂)ပေ (၉)လက်မရှိ မြေသား လမ်းကိုလည်းကောင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၂.၁)သန်းဖြင့် အရှည်(၅၀)ပေ၊ အကျယ်(၂၀)ပေ၊ ကွန်ကရစ် အနက်(၉)လက်မရှိ ရေကျော်တစ်စင်းကိုလည်ကောင်း ယခုနှစ်ဇန်နဝါရီလမှ စတင်ကာ  တင်ဒါ အောင်မြင်သည့် ဟန်သစ်ထွန်း ကုမ္ပဏီမှ  အကောင်အထည်ဖော် ဆောင်ရွက်နေပြီး  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယင်းလမ်းဖောက်လုပ်နေမှုအား သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မက်လင်ချောင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ(၈၄)အိမ်၊ လူဦးရေ(၄၉၆)ဦးတို့၏ စိုက်ပျိုးမြေဧက (၅၀ဝ၀)ရှိ ကျေးလက်လယ်ယာ ထွတ်ကုန်များ အတွက် အကျိုးပြုမည်ဖြစ်ကြောင်း၊ ကျေးရွာရှိ ဒေသခံပြည်သူများအတွက် လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း၊ ယင်းကျေးရွာတွင် ကြံ၊ သရက်ပင်နှင့် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိပြီး အဆိုပါလမ်းကို ယခုဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသန်းက ပြောသည်။

           

ရဲအောင်(ကသာ)