ကသာ ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အောင်ပုံကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးလုပ်ငန်းများ ပြီးစီးမှုကို နိုဝင်ဘာ(၂၃)ရက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မြင့်သန်းနှင့် တာဝန်ရှိသူတို့က မြစိမ်းရောင် အတိုးရငွေကျပ်(၁၀)သန်းဖြင့်(၄၀၀)ဗို့အားလိုင်း၊ 3 Phase 5 Wire ပေ(၂၀၀၀) သွယ်တန်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမီးလင်းရေး ကော်မတီနှင့် တွေ့ဆုံ၍ လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်ပုံကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်သူအသင်းသား (၁၁၉)ဦးရှိကြောင်း၊ ယခုအခါမီးလင်းရေး လုပ်ငန်းများပြီးစီး၍ အိမ်ခြေ(၁၁၆)အိမ် လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်နော်အေးထူးက ပြောကြားသည်။
မျိုးဝင်းညို (ကျွန်းလှ)


