ကသာ ၁၉ ဧပြီ
ကသာမြို့နယ်တွင် ဧရာဝတီမြစ်ကျွန်းပေါ် နုန်းတင်မြေနုကျွန်းတွင် ဆီထွက်မြေပဲ စိုက်ပျိုးသူအများစုမှာ မြေပဲဥချိန် မိုးလယ်ရွာသွန်းခြင်း မရှိသဖြင့် မြေပဲဥနှုန်းကျဆင်းလျက်ရှိကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။
ခမောက်ကိုယ်စီဆောင်းပြီး နေပူဒဏ်ကြံကြံခံကာ တစ်နေ့လုံး အရိပ်ရအောင် အကာအရံသက္ကယ်မိုး၊ ပလတ်စတစ်မိုးကာများ ရွေ့လျားနေကာခြင်းဖြင့် မြေပဲနုတ်ထားရှိဥများ ချွေခြင်းကို မိသားစုလိုက်နှင့် တစ်ဦးတစ်ယောက်စီဖြင့် လုပ်ကိုင်ကြကြောင်း၊ မြေပဲ ၁ တင်းလျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် မီးဖိုချောင်ဖြည့်တင်းရေး နေ့စားအလုပ်သမားများ လုပ်ငန်းဝင်သူများလျက်ရှိကြောင်း မြေပဲစိုက် တောင်သူတစ်ဦးမှ ပြောပြသည်။
ယခုနှစ်တွင် ဧရာဝတီမြစ်ရေ နှစ်စဉ်တိုးနေကြအချိန် မြစ်ရေမတိုး၍ နုန်းတင်မြေနုကျွန်းတွင် မြေပဲစိုက်ပျိုးသူများ စိတ်သက်သာရာ ရကြသော်လည်း မြေပဲဥဖြစ်ထွန်းချိန် မိုးသွန်းခြင်းမရှိသဖြင့် မြေပဲဥထွက်ရှိနှုန်း နည်းပါးလျက်ရှိကြောင်း၊ ထွက်ရှိမြေပဲဥများမှာလည်း မြေပဲဆံကောင်းခြင်းမရှိသလို တစ်ချို့မြေပဲခင်းများတွင် မြေကြတ်ခြင်း၊ မြေမာသွားခြင်းနှင့် အင်းစပ်၊ မြစ်ကျိုးအင်းစပ်နှင့် မြစ်ရေတင် ရေပက်ဖျန်းပေးနိုင်သော နေရာများရှိ မြေပဲစိုက်ခင်းများသာလျှင် ဆီထွက်မြေပဲဥများ အဆံကောင်းများ ရရှိနိုင်ကြကြောင်း၊ သို့သော် ယခုနှစ် မြေပဲစျေး အဝယ်မလိုက်လာသေးသည့်အတွက် ပွဲရုံများမှ စျေးနှုန်းသတ်မှတ်မှုကို ပြောမရသေးကြောင်း၊ ယခုအတိုင်းဆိုလျှင် မြေပဲရောင်းပွဲရုံများမှ ငွေကြိုမယူထားသူများ စျေးပိုပေးသူများကို ရောင်းပေးနိုင်မည်ဖြစ်လို့ မြေပဲမျိုးစေ့ဖိုးလောက်တော့ ရနိုင်သဖြင့် အရှုံးမပေါ်လောက်ကြောင်း၊ ကြိုတင်ငွေချေးထားသည့် လုပ်ငန်းရှင်များအတွက်တော့ အခက်အခဲများစွာ ကြုံရနိုင်ကြောင်း မြေပဲစိုက်ပျိုးတောင်သူ ဦးကြီးဦးလှရွှေမှ သုံးသပ်ပြောပြသည်။
ဧရာဝတီမြစ်အတွင်း နုန်းတင်မြေနိမ့်ပိုင်း၌ မြေပဲ၊ ဖရဲ၊ တိုင်ထောင်ခရမ်းချဉ်၊ ပန်းအမျိုးမျိုးနှင့် ရောင်းတန်းဝင် သီးနှံမျိုးစုံပင်များ စိုက်ပျိုးကြလျက်ရှိရာ သီးနှံရိတ်သိမ်းကာလ ကျွမ်းကျင်လုပ်သား ငှားရမ်းရမှု အခက်အခဲရှိပြီး နေ့စဉ်လုပ်သားများ ငွေပေးချေရေး အရင်းအနှီးလိုအပ်သူများလည်း ရှိနေကြောင်း သိရသည်။
ငွေအိုး (ကသာ)


