ကသာ  ၁၃  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ (၁၂) ရက်နေ့၊ မွန်းလွှဲ(၁၂)နာရီခွဲ တိုင်းထွာချက်အရ ကသာမြို့၏ ဧရာဝတီမြစ်ရေမှတ်သည် (၉၅၀) စင်တီမီတာသို့ ရောက်ရှိနေ ပြီး နောက်(၃)ရက်အတွင်း စိုးရိမ်ရေမှတ်(၁၀၄၀)စင်တီမီတာသို့ရောက်ရှိ နိုင်ပါသဖြင့် ကသာမြို့နယ်မီးသတ်ဦးစီး ဌာနနှင့် ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ ဇူလိုင်လ(၁၂) ရက်နေ့က ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများအား ရေဘေးအန္တရာယ်ဆိုင်ရာများ သတိပြုနိုင်ရေးအတွက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးသူက ဦးစီးပြီး မြို့နယ်မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့နယ်အတွင်းရှိ ဒုံးအော့၊ မြိုင်သာယာ၊ ဘန့်ဘွေးကုန်း၊ ရှမ်းကျွန်း၊ ပုလွေရွှေ၊ အလယ်ကျွန်း၊ ပိုးဇာကုန်း၊ ကျောက်ထုံးကြီး၊ ဝေစွယ်၊ အထက်သဖန်းဒေါင့်၊ အောက်သဖန်း ဒေါင့်၊ သပြုကုန်း၊ စစ်ကုန်း၊ လက်ပံဇင် စသည့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ သတိပြုနေထိုင်ကြရန်အတွက် ကြိုတင် အသိပေး နှိုးဆော်ခြင်း၊ ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို သွားရောက်ဆောင် ရွက်ခဲ့ကြောင်း ကသာမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ထို့အပြင် ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် လည်း အဆိုပါ နေ့တွင် မြစ်ကမ်းနားတစ် လျှောက်နေပြည်သူများနှင့် ရေဝင်ရောက်မှု များသော ရပ်ကွက်များသို့ သွားရောက်ပြီး ရေဘေးနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရ မည့်အချက်များကို အသိပေး နှိုးဆော်ခြင်းနှင့် ရေဘေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၁၀၄၀)စင်တီမီတာဖြစ်ပြီး ဇူလိုင်လ (၁၃) ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန် တိုင်းထွာချက်အရ ကသာမြို့ ဧရာဝတီမြစ်ရေ မှတ်သည် (၉၇၆) စင်တီမီတာရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)