ကသာ ၁၃  အောက်တိုဘာ

ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ ကျဆင်းလာသဖြင့် ငါးများဝင်ရောက် ရောင်းချခြင်းရှိလာကြောင်း နေ့စားအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာကြသည်။

 

ကသာမြို့နယ်သည် ဧရာဝတီမြစ်ကိုအခြေပြု၍ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ရှာဖွေ လုပ်ကိုင်နေသော ရေလုပ်သားများစွာ နေထိုင်သော ဒေသဖြစ်ပြီး ငါးအင်းပေါင်း ၇၀ ကျော်ရှိသော မြို့နယ်ဖြစ်သည်။ ဧရာဝတီမြစ်ကြီးကို အခြေခံ၍ အင်းအိုင်တွေထဲက  အင်းသူကြီးတွေက ငါးရစ်သန်း ချိန်မှလွဲလို့ နေ့စဉ် ဖမ်းဆီးရမိတဲ့ အရွယ်စုံငါးအမျိုးမျိုးအနက်မှ ငါးလူးငါး၊ ငါးဗျက်ငါးမျိုးကို  အဓိက ထားပြီး ငါးလေးချဉ်/ငါးချဉ်အဖြစ် ပြုလုပ်ကြသည်။ မိုးတားလေး ငါးချဉ်၊ ကသာ ငါးလေးချဉ်အမည်ဖြစ် အင်းအိုင်းများမှ ထွက်ရှိသော ငါးများကို အထက်မြန်မာပြည်နဲ့ ကချင်ပြည်နယ် ဖားကန့်နယ်တစ်ဝိုက် ဖြန့်ချိရောင်းချနေလျက် မန္တလေး၊ စစ်ကိုင်းမြို့သို့ ပို့ဆောင်ချပေး နေလျက်ရှိကြောင်း ငါးချဉ်လုပ်ငန်း ပြုလုပ်နေသူ ကိုထွန်းထွန်းက  ပြောသည်။

 

ဧရာဝတီမြစ်ရေကျဆင်းလာသဖြင့် မြစ်ရိုးအင်းများနှင့် သဲသောင်ထွန်းဖြစ်ပေါ်ခြင်း ရေကွက်လပ် ဖြစ်ပေါ်ခြင်း၊ ရေလမ်းကြောင်းပြတ်ရွေ့ရာနေရာများတွင် တင်ကျန်သော ရေအိုင်များ၌ ယင်းကာစနစ် ပိတ်တန်းထားပြီး ရေကျရေနည်းချိန် ပိုက်တန်းခြင်း၊ ရေအလွန်နည်းပါးသွားပါက ပိုက်စိတ်ကြီးဖြင့် ဆွဲယူခြင်းလုပ်ငန်းကို ဧရာဝတီမြစ်ရိုးအင်း တင်ဒါအောင်မြင်သူများ နိုင်ငံအခွန်ပေးသွင်း၍ လုပ်ဆောင် ကြလျက်ရှိကြောင်း၊ ယခုလမှာ အင်းအများစု ဧရာဝတီမြစ်ရေကျဆင်းလာသဖြင့် ငါးအင်းပိတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ကြသူများ ငါးကြီး ငါးကောင်းများရရှိမှု နည်းပါးသေးသဖြင့် ကသာမြို့နယ်တွင် ငါးလှိုင်လှိုင်မရရှိသေးဘူးဟု အင်းလုပ်သား ဦးမြင့်ကျော်က ပြောသည်။

ငွေအိုး(ကသာ)