ကသာ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် ဇူလိုင် ၄ ရက်မှ ဇူလိုင် ၁၄ ရက်ထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာ ၁၉၀ ရှိခဲ့ပြီး (၉)ဦးသေဆုံးသွားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးမှ သိရသည်။

ကသာမြို့ ပညာရေးကောလိပ်တွင် ဇူလိုင် ၄ ရက်မှစကာ ဇူလိုင် ၁၄ ရက်ထိ သံသယရှိလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Text Kit ဖြင့် စစ်ဆေးခဲ့ရာမှ ဇူလိုင် ၁၄ ရက်က မြို့ပေါ်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း (၆၄)ဦး၊ ကသာခရိုင်ပြည်သူ့ဆေးရုံမှ (၆)ဦး၊ လမ်းခွအုပ်စုမှ (၁)ဦးနှင့် အင်းရွာတိုက်နယ်ဆေးရုံမှ (၂၆)ဦး စုစုပေါင်း (၉၇)ဦးအား စစ်ဆေးခဲ့ရာ (၄၀)ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် စုစုပေါင်းရောဂါပိုးကူးစက်ခံရသူ ၁၉၀ ရှိပြီး သေဆုံး (၉)ဦးရှိသွားခဲ့ပြီဖြစ်သည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ လူနာများအား ကသာမြို့ပညာရေးကောလိပ်၌ ထားရှိကာ ဆေးကုသမှုပေးနေကြောင်း၊ ကသာမြို့နယ်တွင် ယခင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ရောဂါကူးစက်ခံရသူ နှစ်ဦးသာရှိခဲ့သော်လည်း အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။

လှိုင်ဘွား(ဗန်းမောက်)