ကသာ ၂၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မိုးစပါးမျိုးစေ့ထုတ်စံပြကွက်ကို ၁၇၅ ဧကအထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် ၁၇၅ ဧကလုံး ပျိုးထောင်ထားပြီး ဧက ၄၀ အထိ ပျိုးပင်များ စိုက်ပျိုးပြီးဖြစ်ရာ ဧရာမင်း၊ ဆင်းဧကရီ-၃နှင့် ဆင်းသုခစပါးမျိုးများ ပါဝင်စိုက်ပျိုးထားကြောင်း သိရသည်။
"ဒီမြို့နယ်မှာရှိတဲ့ အချို့သော ကျေးရွာတွေမှာ ဧရာဝတီမြစ်ရေကြီးနေတဲ့အတွက် စပါးစိုက်ပျိုးဖို့ စောင့်ဆိုင်း နေရတယ်။ တချို့နေရာမှာတော့ ပျိုးသက်မှန်နဲ့ စိုက်ပျိုးနိုင်ခဲ့ပြီး နိမ့်တဲ့လယ်မြေအတွက်ပျိုးကို နောက်ကျ ထောင်ပြီး စိုက်ပျိုးသွားမယ်။ ပြီးတော့ ဒီမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်းမှာဆိုရင် မျိုးသန့် မျိုးစေ့တင်း(၂၀၀၀)လောက် နေ့တိုင်း ဖြန့်ဖြူးပေးနိုင်တယ်။ လိုအပ်တဲ့အခါ မျိုးစေ့တွေကို မျိုးသန့်ခြံကနေ သယ်ယူပြီး တောင်သူတွေကို ထပ်မံဖြန့်ဖြူးပေးတယ်"လို့ ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မိုးက ပြောသည်။
ထို့အပြင် မျိုးစေ့ထုတ်ကွက်မှ လိုအပ်သည့် မျိုးစေ့များကို အခြားမျိုးသန့်ခြံမှ မှာယူကာ မျိုးစေ့ထုတ်ကွက်များ ဆောင်ရွက်သည့်အပြင် ကသာမြို့နယ်မှ ထွက်သမျှမျိုးသန့်မျိုးစေ့များကို အထက်ဗမာပြည်မျိုးသန့်ဌာနခွဲသို့ နမူနာပေးပို့ စစ်ဆေးခံပြီးမှ မျိုးစေ့များကို ပြန်လည် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများသည်လည်း မျိုးစေ့ထုတ်တောင်သူများနှင့်အတူ စိုက်ကွင်း၌ ဘောင်နှင့်ပျိုးထောင်ခြင်း၊ ပျိုးပင်များစောင့် ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ သီးနှံပြုစုခြင်း စသည့်လုပ်ငန်းများကို တောင်သူများအား နည်းပညာပေးပြီး ကူညီဆောင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်


