ကသာ ၃၀ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာတွင် ကသာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အကူအညီများ ရယူကာ တောင်သူတစ်ဦးမှ ၎င်း၏ စိုက်ပျိုးရေးခြံတွင် ကော်ဖီပင် (၃၈၀၀) ခန့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

 “Farmer Channel လိုင်းကနေ ထုတ်လွှင့်တဲ့ ကော်ဖီစိုက်ပျိုးခြင်းအကြောင်းကို ခဏခဏ ကြည့်ဖြစ်တဲ့အတွက် ကော်ဖီပင်စိုက်ဖို့ စိတ်ဝင်စားခဲ့လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကို အကူအညီ တောင်းပြီး ၂၀၁၇ ခုနှစ်မှာစပြီး အပင်တွေ ပျိုးဖြစ်ခဲ့တယ်။ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကလည်း ကော်ဖီမျိုးနှင့် ဓာတ်မြေဩဇာများကိုပေးပြီး စိုက်ပြီးတဲ့အခါမှာလည်း ဦးစီးဌာနမှ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး အပင်တွေကို ပြုစုပျိုးထောင်ပေးလျက်ရှိတယ်” လို့ ကော်ဖီခြံပိုင်ရှင် ဦးမြင့်သိန်းက ပြောသည်။

 

ကသာမြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ကော်ဖီပင်များကို စမ်းသပ်စိုက်ပျိုးခြင်းမရှိဘဲ အခြားသော သီးနှံပင်များကိုသာ အများဆုံး စိုက်ပျိုးထုတ်လုပ်ရောင်းချလျက် ရှိသည်။ အဆိုပါ ကော်ဖီခြံတွင် ကော်ဖီပင်ပေါင်း (၃၈၀၀) အထိ စိုက်ပျိုးထားပြီး ရာသီဥတုဒဏ်ကြောင့် အပင်နှစ်ရာကျော်ခန့် ပျက်စီးသွားသော်လည်း ကော်ဖီပင်များကို ဆက်လက်ထပ်တိုးစိုက်ပျိုးရန် အစီအစဉ်ရှိကြောင်း၊ ကော်ဖီအသီးများ ထွက်ပေါ်လာသည့်အချိန်တွင် ထုတ်ပိုးစနစ်ဖြင့် မိသားစုလုပ်ငန်း တစ်ခုအဖြစ် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း ကော်ဖီခြံပိုင်ရှင် ဦးမြင့်သိန်းထံမှ  သိရသည်။

 

ထို့အပြင် ကော်ဖီပင်များ၏ အကြားတွင် အရိပ်ရပင်အဖြစ် စိန်တလုံးသရက်ပင်(၅၀၀)၊ လျှော်ဖြူပင် (၃၀၀)ခန့်နှင့် သကြားသီးပင်(၁၀၀၀)ခန့်အထိ စိုက်ပျိုးထားပြီး ကော်ဖီပင်ကို မိသားစုစားဝတ်နေရေး ဖူလုံရန်အတွက် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)