ကသာ ၇ မတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကသာခရိုင်ကျန်းမာရေးဦးစီးဌာနမှ COVID 19 ရောဂါကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကသာမြို့ရှိ ဘဏ်၊ စက်ရုံ၊ အလုပ်ရုံများနှင့် စားသောက်ဆိုင်များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား COVID 19 ရောဂါအကြောင်း အသိပေးဆွေးနွေးခြင်းကို ယမန်နေ့က ကသာပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့အသိပေးဆွေးနွေးရာတွင် ကသာခရိုင် ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ လာမာမီးက ကသာမြို့ရှိ လူစည်ကားသည့် ဘဏ်၊ စက်ရုံ၊ အလုပ်ရုံများနှင့် စားသောက်ဆိုင်များတွင် COVID 19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန်၊ အလုပ်ခွင်ရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ရောဂါမဖြစ်ပွားအောင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် အဆိုပါရောဂါမဖြစ်ပွားစေရေးအတွက် မိမိတို့သိရှိထားသည့် ကြိုတင်ကာကွယ်နည်း များကို အခြားသူများသို့ ပြန်လည်ဝေမျှနိုင်စေရန် ရည်ရွယ်၍ အသိပေးဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ COVID 19 ရောဂါစတင်ဖြစ်ပွားခြင်း၊ ရောဂါဖြစ်ပွားမှု၊ ကူးစက်မှုအခြေအနေများနှင့် ရောဂါကူးစက်ခြင်းမရှိအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်အောင်က COVID 19 ရောဂါအကြောင်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက နှာခေါင်းစည်း သုံးစွဲနည်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လက်ဆေးနည်းများကို သရုပ်ပြခဲ့ကြောင်း၊ ကသာမြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဘဏ်၊ စက်ရုံ၊ အလုပ်ရုံများနှင့် စားသောက်ဆိုင်များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ကြောင်း သိရသည်။
ရဲအောင်(ကသာ)