ကသာ ၁၂ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် တည်ဆောက်လျှက်ရှိသော ပညာရေးကောလိပ်မှာ ပြီးစီးသွားပြီဖြစ်သဖြင့် မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦကို ကသာမြို့အဝင် လမ်းမတော်လမ်းမကြီးဘေး မုခ်ဦးအနီးတွင် မြေဧက (၃၂ ဒသမ ၄၅) ဧကနေရာတွင် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ငွေကျပ်သိန်း ၁၀ဝ၀ ချမှတ်ပေးခဲ့ရာ အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းဖြင့် စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ငွေကျပ်သိန်း(၂၄၀ဝ၀)ကျပ် ထပ်မံချပေးသဖြင့် စာသင်ဆောင် အိပ်ဆောင် ၂ ဆောင်နှင့် ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ခဲ့ရာ ယခုအခါ အဆိုပါပညာရေး ကောလိပ်ကျောင်းကြီးမှာ လုံးဝပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
လာမည့်နှစ်များတွင် ကျောင်းဝင်း အဝင်လမ်း၊ နေအိမ်များနှင့် ကျောင်းဘောလုံးကွင်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်က ပြောပြသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာရေး အောင်မြင်သူများကိုလည်း အရည်အချင်းအလိုက် အဆိုပါကျောင်းတွင် အမျိုးသား(၃၃)ဦး၊ အမျိုးသမီး(၃၂)ဦးကို ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၄၃)ဦးမှ ဒီဇင်ဘာ ၂ ရက်နေ့မှစ၍ ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။ လာမည့်နှစ်တွင် ဘွဲ့ရကျောင်းသူ/ကျောင်းသား ၂၀ဝ ခန့်ခေါ်ယူရန် ရည်ရွယ်ထားကြောင်း သို့မှသာ နိုင်ငံတော်အတွက် ဆရာ/ဆရာဦးရေ မလုံလောက်ရေးကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ဒေသခံဆရာ၊ ဆရာမများ ထွက်ပေါ်လာနိုင်ရေးကို အထောက်အကူပြုမှာဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးမြင့်က ပြောပြသည်။
ယခုအခါ စာသင်ဆောင်၊ အမျိုးသား၊ အမျိုးသမီးအိပ်ဆောင်၊ ဆရာ၊ ဆရာမများနေအိမ် ၄ ထပ်ဆောင် လုံးဝပြီးစီးသွားပြီဖြစ်သည့်အတွက် ကသာမြို့တွင် တည်ဆောက်ထားသော ပညာရေးကောလိပ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။
လူအောင်(ကသာ)