ကသာ   ဒီဇင်ဘာ   ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ကသာပညာရေးဒီဂရီကောလိပ်တွင် နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာ ဆရာ ဆရာမများအား မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်ရှိ မလိခဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

 

အသစ်ခန့်ထားသည့် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်မဝင်မီတွင် ဆရာအတတ်ပညာ အရည်အသွေး ပြည့်ဝပြီး စီမံ၊ ဘဏ္ဍာရေးရာနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာ ဆရာ ဆရာမများအား မွမ်းမံသင်တန်းကို နိုဝင်ဘာ ၈ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ရာ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ခရိုင်ပညာရေးမှူး တို့က အမှာစကားများ အသီးသီးပြောကြားကြပြီး ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဒုတိယ ကျောင်းအုပ်ကြီးတို့က နည်းပြ၊ သရုပ်ပြများနှင့် ဆရာ ဆရာမ ၁၇၆ ဦးတို့အား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ကာ နည်းပြ၊ သရုပ်ပြများနှင့် ဆရာ ဆရာမများက သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား တေးသီချင်းနှင့် အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)