ကိုလင်း
Mega Mark Film မှ ရိုက်ကူးထုတ်လုပ်မည့် ကတိဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း Victor က ရေးသားပြီး ဒါရိုက်တာ ထက်ဝေယံနိုင် (Lucius Wayne)က ရိုက်ကူး ပုံဖော်ကာ သရုပ်ဆောင် အောင်မြင့်မြတ်၊ အောင်ရဲထိုက်၊ မေ၊ ထွန်းအိန္ဒြာဗို၊ စိုးမိုးကြည်၊ မင်းဦး၊ ထူးသာ၊ ညိုမင်းလွင်၊ သိန်းလင်းစိုး၊ ဇင်မိုး၊ တင်ဇာဝင်းပြည့်နှင့် မြနှင်းရည်လွင်၊ ကလေးသရုပ်ဆောင်များအဖြစ် ဖြိုးသင်္ကနြ်ဇော်၊ အားကိုးရာ၊ သုတအောင်နှင့် အိန်ဂျလာကေတို့ ပါဝင်သရုပ်ဆောင်သွားမည်ဟု သိရသည်။
အဆိုပါဇာတ်ကားတွင် အဓိကဇာတ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်သွားမည့် သရုပ်ဆောင် မေက လူငယ်ဒါရိုက်တာသစ်တစ်ဦးနှင့် ဇာတ်ကားရိုက်ကူးရသည့် အတွေ့အကြုံနှင့်ပတ်သက်၍ “ဒီ ကတိ ဇာတ်ကားကို ရိုက်ဖြစ်တာကတော့ ကိုယ့်ကိုယ်ယုံကြည်လို့ လာပြီးကမ်းလှမ်းတယ်၊ ကိုယ်ကလည်း သူတို့အပေါ် ယုံကြည်တယ်၊ သူတို့ရဲ့ပညာကို လေးစားတန်ဖိုးထားတယ်ပေါ့နော်၊ ဒါပေမယ့် ပရိသတ်က ကိုယ့်အပေါ်ကို ယုံကြည်မှု ပျက်စေတာမျိုးတော့ မဖြစ်ချင်ပါဘူး၊ ဒီဇာတ်ကားကို အကောင်းဆုံးဖန်တီးကြမယ်လို့ ကတိပေးပါတယ်” ဟု ပြောသည်။
ကတိ ရုပ်ရှင်ဇာတ်ကားသည် အချစ်ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး လူတစ်ယောက်က အခြားတစ် ယောက်အားပေးခဲ့သော ကတိစကားသည် မည်မျှအရေးပါကြောင်းကို ရိုက်ကူးပုံဖော်သွားမည်ဖြစ်ကြောင်း၊ ကတိ ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁၀ ရက်မှ စတင်၍ ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။