ပေါင် ၄ သြဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာ နက တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျိုးပေါက် ပျက်စီးမှုမဖြစ်ပေါ်ရေး သတ်မှတ်ပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် ဖြစ်ပေါ်ပါက တမံအောက်ဘက်နေ ပြည်သူများ အသက်အိုးအိမ်ထိခိုက်မှု လျော့ပါးသက် သာစေရန် ကြိုတင်စီမံ ခန့်ခွဲဆောင်ရွက်နိုင်ရန် ကတိုက်ရေလှောင်တမံ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် (Emergency Preparedness Plan- EPP) ထုတ်ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူများအား သြဂုတ် ၁ ရက်တွင် ပေါင်မြို့နယ် ကတိုက်ရေလှောင်တမံ၌ တွေ့ဆုံရှင်းလင်းသည်။
အခမ်းအနားတွင် တည်ဆောက်ရေး (၆) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန လက် ထောက် ညွှန်ကြားရေးမှူး (၁) ဦးမြင့်သောင်းက ရှင်းလင်းပြောကြားရာတွင် “အရေးပေါ်အခြေအနေ ကြိုတင်စီမံ ခန့်ခွဲမှုစီမံချက် ရေးဆွဲဆောင်ရွက်ရသည့် အကြောင်းအရာများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင် ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပေါ်အခြေအနေများနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်မည့်အခြေအနေများ သဘာဝဘေးဆိုသည်မှာ တားဆီး၍ မရနိုင်သော်လည်း မဖြစ်ခင်က ကြိုတင်ကာကွယ် ရေး ကြိုတင်စီမံချက်များ ဆောင်ရွက်ထားပါက အရေပေါ်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့လာရင် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် ပျက်စီးမှု လျော့နည်း သက်သာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အားလုံးသဘောပေါက်နားလည် ပြီး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၆) မှ ဦးစီး အရာရှိ ဦးတင်ဝင်းလှိုင်က ကတိုက်တမံ၏ အရေးပေါ်အ ခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်တွင် ပါဝင်သော အရေးပေါ်အခြေအနေ အဆင့် ၁၊ ၂၊ ၃ သတ်မှတ်ထားခြင်းတို့အား တစ်ချက်ချင်းစီအလိုက် အသေးစိတ်ရှင်း လင်းသည်။
ယင်းနောက် တက်ရောက်လာသော ဒေသခံတစ်ဦးက ယခုလိုပြည်သူများ သိရှိနား လည် အောင် စေတနာထား ရှင်းလင်းဆောင်ရွက်ပေးသည့်အတွက် ဒေသနေပြည်သူများကိုယ်စား များစွာ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် မိမိတို့ ဒေသနေပြည်သူများ အနေဖြင့်လည်း စိတ်ရောကိုယ် ပါပူးပေါင်း ပါ ဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သောင်းက အရေးပေါ် အခြေအ နေပေါ်ပေါက်လာ ပါက အဆင့်အလိုက် ဒေသနေပြည်သူများ သိရှိနိုင်ရန် ကျေးရွာ အုပ်စုနားတွင် စိုက်ထူရမည့် စိမ်း၊ ဝါ၊ နီ အလံ သုံးမျိုးအား သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး ကတိုက်ရေလှောင်တမံ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် ဆိုင်ရာ လက်ကမ်းစာစောင်များအား တက်ရောက်လာ သူများအား ဝေငှပေးသည်။
ယင်းနောက် ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသန်း က အခမ်းအနားသို့ တက်ရောက်လာသော သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနားသို့ မတက်ရောက်နိုင်သူများအား မိမိတို့ သိရှိခဲ့ရသည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုဆိုင်ရာ လိုက်နာလုပ်ဆောင်ရမည့် အချက်များအား နားလည်နိုင်စေရန် သေချာစွာပြန်လည်ရှင်းလင်း တင်ပြကြစေလိုကြောင်း ကောလာဟလသတင်းများကိုလည်း မယုံကြည်ကြစေလိုကြောင်းနှင့် အကြောင်းတစ်စုံတရာ သိလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက် သွယ်၍ မိမိတို့သိရှိလိုသည်များကို ဆက်သွယ်မေးမြန်း ကြစေလိုကြောင်း ပြောကြားသည်။
မောင်မောင်(ပေါင်)


