ကွတ်ခိုင် ၁၆ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ မြို့နယ်အတွင်း၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂျေလဆမ်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဖွဲ့ခွဲဝင်များအား မျှဝေ အသိပေးခြင်း၊ လွတ်လပ်ပြီး တရားမျှသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် မှန်မှန်ကန်ကန်နှင့် ဘက်မလိုက်ဘဲ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ် အခြေအနေများ၊ နောက်ဆုံး စိစစ်ရန် ဆောင်ရွက်နေသည့် မဲစာရင်းများတွင် မှတ်ပုံတင်နံပါတ် မရရှိသေးသည့် မဲဆန္ဒရှင်များ မှတ်ပုံတင် အမြန်ဆုံး ရရှိရေးကိစ္စရပ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအတွက် ဖွဲ့စည်းတာဝန်ပေးအပ်မှုများ၊ မဲရုံမှူးသင်တန်းဖွင့်လှစ်သည့် အချိန်နှင့် ဆန္ဒမဲပေးသည့် အချိန်များတွင် ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို တင်ပြဆွေးနွေးသည်။
ကွတ်ခိုင်မြို့နယ်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ( ၁၂၉၇၀၇ ဦးရှိကာ လျာထားမဲရုံ (၁၃၄)ရုံရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)


