ကွတ်ခိုင် ဇွန် ၁၉

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်တင်လတ်ထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် အောက်ပုန်းထွန်၊ ပန်ဆေး၊ မန်မောင်၊ နမ့်ခုံ၊ နမ့်ဟူးအွန်၊ ခိုလုံ၊ ဟိုကျန့်၊ မန်နောင်၊ နမ့်ဟူးလုံ၊ မော်ဟန် စသည့် ကျေးရွာ ၁၀ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၊ ကျေးရွာ ပြည်သူတွေရဲ့ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်းခြင်းလုပ်ငန်း၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း၊ ကျေးလက်မီးလင်းရေးနှင့် ရေရှိရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများ ပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ ကျေးရွာကော်မတီဖွဲ့စည်းခြင်းနှင့် သင်တန်းပေးခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်တင်လတ်က ပြောသည်။

“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းက ကျေးရွာသူ ကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ အဓိက ပကတိလိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက်လုပ်ငန်းတွေ ဖော်ထုတ်ပါတယ်၊ အဲဒီစီမံချက်လုပ်ငန်းတွေထဲက ပထမဦးစားပေးလုပ်ငန်းကို ကျွန်တော်တို့ ဦးစီးဌာနက ကျေးရွာတစ်ရွာကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာရဲ့ ငွေထည့်ဝင်မှု လုပ်အားထည့်ဝင်မှုတွေနဲ့ စတင်ဆောင်ရွက်ပေးပါတယ်၊ ကျန်တဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်အဆင့် ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရေးဆွဲပေးတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်လို့”  ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်တင်လတ်က ဆက်လက်ပြောပြသည်။

သန်းလွင်(မကွေး)