ကွတ်ခိုင်  ၈  ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ယုံမောကျေးရွာအုပ်စုအတွင်းရှိ လျှပ်စစ်မီးရရှိရန် ခက်ခဲသော ကျေးရွာ(၁၂)ရွာသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (500-w) အိမ်သုံးဆိုလာမီး အစုံ(၁၉၀)ကို ယနေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး၌ တာဝန်ရှိသူများက ပေးအပ်သည်။

 

ထိုသို့ပေးအပ်ရာတွင် ကွတ်ခိုင်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ခေတ္တတာဝန်ခံ ဦးရန်အောင် ကျော်မျိုးနှင့် ဒုတိယဦစီးမှူး ဦးညီတင်တို့မှ ‌ပေးအပ်ရာ ယုံမောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး‌ထွန်း‌ကျော်နှင့် ကျေးရွာတာဝန်ရှိသူများက ကျေးရွာ(၁၂)ရွာမှ ဒေသခံ ပြည်သူများကိုယ်စား လာရောက် လက်ခံရယူသည်။

 

“နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ လျှပ်စစ်မီးရရှိဖို့ခက်ခဲတဲ့ ကျေးရွာတွေအတွက် ဘဏ္ဍာရေးနှစ်အလိုက် အိမ်သုံး ဆိုလာမီးတွေ အခမဲ့ ဖြန့်ဝေပေးတာရှိပါတယ်၊ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပြီးသွားရင်လည်း ဆက်ပြီး ဖြန့်ဝေပေးသွားဖို့ တင်ပြတောင်းခံထားပါတယ်”ဟု ဦးရန်အောင်ကျော်မျိုးက ရှင်းပြသည်။

 

အိမ်သုံးဆိုလာမီးများ အခမဲ့သုံးစွဲခွင့်ရသည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်များ အတွက် များစွာအကျိုးသက်ရောက်နိုင်မှုနှင့် ကျေးလက်နေပြည်သူများ၏ လူနေမှု ဘဝ မြင့်မားလာမည့်အကြောင်းကို ယုံမောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်း‌ကျော်က  “လျှပ်စစ်မီးရရှိဖို့ ခက်ခဲတဲ့ ရွာတွေအနေနဲ့ အခုလိုအိမ်သုံးဆိုလာမီးတွေ သုံးစွဲခွင့်ရတော့ ကျောင်းနေအရွယ်ကလေးငယ်များအတွက် များစွာအကျိုးကျေးဇူး ရရှိနိုင်သလို  ကျေးလက်နေ ပြည်သူတွေရဲ့ လူနေမှုဘဝမှာလည်း အရင်ကထက် ပိုပြီးအဆင့်မြင့်လာမယ်”ဟု  ပြောပြသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ အိမ်သုံးဆိုလာမီး(၄၆၉၂)စုံ အခမဲ့ ဖြန်ဝေပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)