ကွတ်ခိုင် ၆ ဩဂုတ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ဒေသခံပြည်သူများ မွေးမြူထားသော ဝက်များ၌ အာဖရိက ဝက်အပြင်းဖျားရောဂါ ကျရောက်မှုမရှိစေရေး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းထွန်းလင်း နှင့် ဝန်ထမ်းများအဖွဲ့က ကွတ်ခိုင်မြို့ ၅ ရက်တစ်ဈေး ဈေးနေ့တွင် တစ်ပိုင်တစ်နိုင် ဝက်ပေါက်ရောင်းဝယ်သူများအား အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဩဂုတ် ၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းထွန်းလင်းက အာဖရိက ဝက်အပြင်းဖျားရောဂါသည် အိမ်မွေးဝက်များနှင့် တောဝက်များတွင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ကြောင်း၊ ရောဂါကြိုတင်ကာကွယ်ဆေးမရှိကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို အသိပညာပေး ဟောပြောကြားပြီး ဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)


