ကွတ်ခိုင် ၁၄ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ စောင့်ကြည့်ရေးစခန်းများနှင့် သီးခြားလူနာဆောင် ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊ ပြည်ထောင်စု လမ်းမပေါ်(ကောင်းခါးလမ်းခွဲ)၌ ပြုလုပ်ထားသည့် စောင့်ကြည့်ရေးစခန်းသို့ ဝင်ရောက်ပြီး လူမှုရေးပရဟိတ အသင်းအဖွဲ့များ၏ ပုံမှန်ကျန်းမာရေးစစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြို့နယ်ပြည်သူ့ ဆေးရုံကြီး၊ ဆိုလာခန်းမ၌ မြို့နယ် COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အတွက် COVID-19ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကွတ်ခိုင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၀၅၈)စုအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံ စားသောက်ကုန်(၅)မျိုးကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးညီစိန်၊ ပြည်နည်လွတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းတို့မှ ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့ဆေးရုံအတွင်း သီးခြားလူနာဆောင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆေးရုံနှစ်ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)