မံစီ၊ ၁၆ ဒီဇင်ဘာ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး Km(569.50) ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) ကို ဖြတ်ကျော်ရန်အတွက် ကုန်တင်ယာဥ်များမှ ကုန်ပစ္စည်းများကို တန်ချိန်လျော့စေရန် ဂိတ်အနီး၌ အခြားယာဥ် တစ်စီးဖြင့် ကဲ့၍သွားလာနေသည့် မော်တော်ယာဥ်များကို အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းက မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးသက်မျိုးနိုင်နှင့် တာဝန်ရှိသူများက သွားရောက် အသိပေး ခဲ့ကြကြောင်းသိရသည်။
ဆက်လက်လုပ်ဆောင်နေသူများကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်ပြီး လမ်းမကြီးများဥပဒေ ပုဒ်မ(၈)(ခ)၊ ပုဒ်မ(၈)(င)နှင့် ပုဒ်မ(၉)(က) အရ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း သိရှိရ သည်။
လမ်းမကြီးပေါ် သတ်မှတ်ကုန်တင်တန်ချိန်ထက်ကျော်လွန်၍ တင်ဆောင်မောင်းနှင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဥ်များကို အရေးယူဆောင်ရွက်ရန်အတွက် ပညာပေးကာလအဖြစ် နိုဝင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် ပညာပေးကာလအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး အရေးယူဆောင်ရွက်မည်ဖြစ်သော်လည်း တောင်းဆိုချက်အရ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ပညာပေးကာလကိုထပ်မံတိုးမြှင့် ဖြေလျှော့ပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး အရေးယူဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဥ်များမှ တန်ပိုများလျှော့ချရန်အတွက် ယခုကဲ့သို့ ဆောင်ရွက် နေခြင်းဖြစ်ကြောင်းသိရသည်။
ရိန် (ပြန်/ဆက်)


