နေပြည်တော် ၂၀ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုဝင်ဘာ ၁၈ ရက်က KTV ဆိုင်၊ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်သူများနှင့် လာရောက်သူများကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၄ နာရီခွဲတွင် KTV ဆိုင်နှင့် အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ မြင်းခြံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ (၁၉)ရပ်ကွက်ရှိ Dream Garden KTV ဆိုင်နှင့် အနှိပ်ခန်းအား သွားရောက်စစ်ဆေးရာ အဆိုပါဆိုင်အတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ သာစည်မြို့နယ်၊ ပေါက်ချောင်း ကျေးရွာနေ အုန်းမြိုင်နှင့် ဆိုင်ဝန်ထမ်း ၈ ဦး၊ KTV / အနှိပ်ခန်းများသို့ လာရောက်သူ ၁၉ ဦးနှင့် သီချင်းသီဆိုပေးသူ ၂၄ ဦး စုစုပေါင်း (၅၂)ဦးအား လည်းကောင်း။

 

(၁၈)ရပ်ကွက်ရှိ “ပန်းတော်ဝင်” KTV ဆိုင်နှင့် အနှိပ်ခန်းများအတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ ထနောင်းတိုင်ကျေးရွာနေ မျိုးမင်းသိန်း၊ ဆိုင်ဝန်ထမ်း ၄ ဦး၊ လာရောက်ပျော်ပါးသူ ၈ ဦးနှင့် သီချင်းသီဆိုသူ ၁၄ ဦး စုစုပေါင်း (၂၇)ဦးတို့အား တွေ့ရှိကာ ကာရာအိုကေစက် ၆ လုံး၊ မွေ့ယာ ၃ ခု၊ ခေါင်းအုံး ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သဖြင့် အုန်းမြိုင်ပါ ၅၂ ဦးနှင့် မျိုးမင်းသိန်းပါ ၂၇ ဦးတို့အား မြင်းခြံမြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား