၂ ဇွန်

 

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် သည် မေ ၃၀ ရက် နံနက်ပိုင်းက ပလက်ဝမြို့အရှေ့ဘက်ကမ်းရှိ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို သွားရောက်ကြည့်ရှုသည်။ 

 

ပြည်နယ်ဝန်ကြီးသည် အိန္ဒိယနိုင်ငံ၏ ကူညီမှုဖြင့် ဖောက်လုပ်လျက်ရှိသည့် ပလက်ဝ-ဇိုရမ်ပွီး ကားလမ်းစီမံကိန်းဖောက်လုပ်လျက်ရှိသည့် EFI နှင့် CNC ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပလက်ဝ-ဇိုရမ်ပွီး ကားလမ်းစီမံကိန်း ၂၀၂၀ ပြည့်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်နှင့် ကားလမ်းစီမံကိန်း ဖောက်လုပ်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရက ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ထို့နောက် ပြည်နယ်ဝန်ကြီးသည် မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ကုလားတန် မြစ်ကူးတံတား(ပလက်ဝ) စီမံကိန်းကိုသွားရောက်ကြည့်ရှုရာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁)မှ တာဝန်မှူး ဒေါ်နှင်းနှင်းလွင်က မြစ်ကူးတံတားတည်ဆောက်နေမှုနှင့် လက်ရှိဆောင်ရွက်နေ သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

 

ကုလားတန် မြစ်ကူးတံတား(ပလက်ဝ)သည် ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့နယ် မတူပီ-ပလက်ဝလမ်းတွင် တည်ရှိပြီး မတူပီမြို့၊ ဆမီးမြို့ ဆက်သွယ်ထားသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကိုလည်း ဆက်သွယ်ထားသည်။ 

 

စီမံကိန်းကို ၂၀၁၇ မေ ၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ တံတားတည်ဆောက်မှုပြီးစီးပါက ချင်းပြည်နယ် မင်းတပ်ခရိုင်အတွင်းရှိ မတူပီ၊ ဆမီး၊ ပလက်ဝမြို့တို့ကို ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ရခိုင် ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကိုလည်း ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည်။ မိုးတွင်းကာလတွင် ပြည်သူများအလွယ်တကူသွား လာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုလည်း အဆင်ပြေချောမွေ့လာမည်ဖြစ်ကာ တိုင်းရင်းသားအချင်းချင်းလည်း စည်းလုံးညီညွတ်လာမည်ဖြစ်သည်။ 

 

ကုလားတန် မြစ်ကူးတံတား(ပလက်ဝ) စီမံကိန်းလက်ရှိဆောင်ရွက်နေ သည့် အခြေအနေများကို သိရှိနိုင်ရန်အတွက် ချင်းပြည်နယ် စည်ပင်သာယာ ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြအပ်ပါသည်။ 

 

မေး ။ ။ ပြီးခဲ့တဲ့ မတ် ၁၆ ရက်က ကုလားတန်မြစ်ကူးတံတားမှာ အသုံးပြုဖို့အတွက် ရန်ကုန်က သယ်ဆောင်လာတဲ့ သံပေါင်တွေ AA အဖွဲ့ က မီးရှို့ဖျက်ဆီးခဲ့လို့ တန် ၃၀ဝ နီးပါးရှိတဲ့ သံပေါင်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုဖြစ်စဉ်တွေရှိခဲ့တော့ လက်ရှိ တံတား တည်ဆောက်ရေးမှာ လိုအပ်တဲ့ သံပေါင်တွေအတွက် ဘာတွေများ ဆက်ပြီး လုပ်ဆောင်နေသလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။


ဖြေ ။ ။ သံပေါင်မီးလောင်သွားတာကြောင့် သံပေါင်ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ဂျပန်ပညာရှင်များက မြေပြင်ကိုလာပြီးတော့ ကွင်းဆင်းစစ်ဆေးပါ တယ်။ မျက်မြင်စစ်ဆေးချက်အရ မီးလောင်သွားတဲ့ သံပေါင်တွေကို ပြန်သုံးလို့ရမယ်လို့ သုံးသပ်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းသေချာအောင် သူ့ရဲ့ခံနိုင်ရည် ဝန် ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်တဲ့အခါ တော်တော်များများပျက်စီးနေတယ်။ မီးကလည်း ၈ နာရီကျော် လောင်ထားတဲ့အတွက် Design Strength ကို ကျစေတယ်။ ခံနိုင်ရည်လုံးဝကျပြီးတော့ ခံနိုင်ဝန်အပိုင်းမှာ ပြန်သုံးလို့မရ တော့ဘူးဆိုတဲ့ Report ထွက်လာပါတယ်။ ဒါကြောင့် လက်ရှိသံပေါင်ကို မသုံးတော့ဘဲ နောက်ထပ်သံပေါင်အသစ်တွေ ထုတ်ပြီးမှ သုံးဖို့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းခွင်အရောက်ပို့ရမယ့် ကုမ္ပဏီ သင်္ဘောပိုင်ရှင်တွေကလည်း သံပေါင်တွေကို ပို့တဲ့အပိုင်းမှာ သူတို့က သံပေါင် တွေကို လုပ်ငန်းခွင်အရောက်ပို့ရမယ်ဆိုတော့ ပို့တဲ့ကုမ္ပဏီတွေကလည်း သင်္ဘောကုမ္ပဏီကို အာမခံထားတယ်။ ဒါကြောင့် အာမခံကုမ္ပဏီတွေနဲ့ သံပေါင် ပြန်ရဖို့အတွက် လျော်ကြေးကိစ္စတွေ ညှိနေပါတယ်။

 


မေး ။ ။ အခုလို မီးရှို့ခံရတဲ့အတွက် တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အရှိန်လျော့ကျသွားနိုင်ပါသလား။


ဖြေ ။ ။ သံပေါင်တွေကို မတ် ၁၆ ရက်က မီးရှို့ခံရတာဖြစ်ပါတယ်။ Report ထွက်နိုင်တာက အခု မေ ၂၉ ရက်မှာမှ ထွက်နိုင်တာပါ။ ဒါကြောင့် အလုပ်လုပ်ရမယ့်အချိန် နှစ်လလောက် နောက်ကျသွားတယ်။ လျော်ကြေးရပြီးမှ ကျွန်တော်တို့က သံပေါင်ကို ဆက်ပြီးလုပ်ရမှာဖြစ်တဲ့ အတွက် နောက်ထပ်လည်း ကြန့်ကြာသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့မှာ ဖွင့်နိုင်အောင် ရည်မှန်းချက်ထားတာဖြစ်တဲ့အတွက် တာဝန်ယူဆောက်လုပ်တဲ့ ဆောက်လုပ်ရေး လမ်း၊ တံတားအဖွဲ့တွေကလည်း ကြိုးစားပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ 

 


မေး ။ ။ တံတားတည်ဆောက်ရေးအပိုင်းမှာ ငွေကြေး(ဒါမှမဟုတ်) အခြားလိုအပ်ချက်တွေ ရှိပါသေးလား။


ဖြေ။ ။ လက်ရှိ ဘတ်ဂျက်အနေနဲ့ တံတားတည်ဆောက်ရာမှာ ကျပ်ငွေကျပ် ၁၂ ဒသမ ၃ ဘီလီယံလောက် လိုပါတယ်။ ချင်းပြည်နယ်အစိုးရအနေနဲ့ ၆ ဘီလီယံ ထည့်ဝင်မှာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၆ ဒသမ ၃ ဘီလီယံလောက်ထည့်ဝင်မှာဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၂ ဘီလီယံ ထည့်ပြီးပြီဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ မှာ ၄ ဘီလီယံ ထပ်ထည့်ထားတဲ့အတွက် ပြည်နယ်ကထည့်ရမယ့် ဘတ်ဂျက်က ပြည့်မီသွားပါပြီ။ ပြည်ထောင်စုကလည်း ၆ ဒသမ ၃ ဘီလီယံကျော်ကို သူတို့ ထည့်ဝင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်အနေအထားက လုံလောက်သွားပြီ။ ထုတ်လုပ်တဲ့ သံပေါင် စောတာ၊ နောက်ကျတာ အနေအထားအပေါ်မူတည်ပြီး စီမံကိန်းကြီးက အချိန်မီပြီးစီးမယ်လို့ မြင်ပါတယ်။ 

 


မေး။ ။ အခုလို တံတားတည်ဆောက်ရေးမှာ ကြန့်ကြာတာနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။


ဖြေ ။ ။ နိုင်ငံတော်က ပလက်ဝ-ကုလားတန်မြစ်ကူး တံတားစီမံကိန်းအတွက် ငွေကျပ် ၂၇ ဘီလီယံလောက် အကုန်အကျခံပြုလုပ်တာ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်တာဖြစ်တဲ့အတွက် အခုလို ဒေသမအေးချမ်းတဲ့ အပေါ်မှာ နှောင့်နှေးတာတွေ၊ ကြန့်ကြာတာတွေ ထပ်မဖြစ်အောင် လူထုက ရော၊ တာဝန်ရှိတဲ့ လူတွေကရော အားလုံးဝိုင်းပြီးတော့ လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။

 


မေး ။ ။ တံတားကြီးပြီးစီးသွားခဲ့ရင် ဒေသဖွံ့ ဖြိုးရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုနိုင်မလဲ ခင်ဗျာ။


ဖြေ ။ ။ ဒီတံတားကြီးက ကုလားတန်မြစ်ရဲ့ အရှေ့၊ အနောက် မြစ်ကူးတဲ့တံတားဖြစ်ပါတယ်။ ဒီတံတားကြီး ပြီးသွားရင် ပလက်ဝမြို့ပေါ်မှာရှိတဲ့ ပြည်သူ တွေအပြင် ပလက်ဝရဲ့တစ်ဖက်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ဝ ကျော်က ကူးလူး ဆက်ဆံမှုတွေ ကောင်းလာမယ်။ နောက်လမ်းကွန်ရက်တွေဖြစ်တဲ့ ကျေးလက် လမ်း၊ (နတလ) လမ်း၊ လမ်းဦးစီးဌာနက ဆောက်လုပ်တဲ့ လမ်းတွေအပေါ်မှာ နေထိုင်တဲ့ ပြည်သူတွေ တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်လို့ရမယ်။ ကုန်ထုတ် လုပ်ငန်းတွေ၊ ကုန်စည်စီးဆင်းမှုတွေ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီအနောက်ဘက် မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း သွားလို့ရနိုင်မယ်။ အိန္ဒိယနိုင်ငံနဲ့ ရခိုင် ပြည်နယ်ဘက်တွေကိုလည်း သွားလို့ရနိုင်တဲ့အတွက် အကျိုးရှိပါတယ်။ 

 


မေး ။ ။ တံတားကို လျာထားသတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က ဘယ်လိုများ စီစဉ်ထားတာရှိပါသလဲ။ 


ဖြေ ။ ။ တံတားက ဒီနေ့အထိ ၆၈ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါတယ်။ အထူး ဆောက်လုပ်ရေးက ညွှန်ကြားရေးမှူးတွေ တာဝန်ခံပြီး ဒီမှာနေပါ တယ်။ ကျွန်တော်တို့ ချင်းပြည်နယ်အတွင်းမှာ ကြီးကြီးမားမားလုပ်တဲ့ Project ဆိုရင် ချင်းပြည်နယ်အတွင်းက ပလက်ဝ တံတားစီမံကိန်းရယ်၊ ဖလမ်းမှာ လုပ်တဲ့ ဆူဘုရ် လေယာဉ်ကွင်း နှစ်ခုကို ကြီးကြီးမားမား လုပ်တာဖြစ်တဲ့အတွက် ပြည်နယ်က လုပ်ဆောင်ပေးရမယ့် အပိုင်းကိုလည်း ဖြည့်ဆည်းပေးတယ်။ ပြည်ထောင်စုက လုပ်ပေးတဲ့အပိုင်းကိုလည်း တောင်းဆိုတယ်။ တိုးတက်မှုကို အမြဲမပြတ် စောင့်ကြည့်နေပါတယ်။ စီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ချင်းအမျိုးသား နေ့အမီ ပြီးစီးအောင်ဆောင်ရွက်နေပါတယ်။ 

 


ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

သတင်းနှင့် တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်