၂၄ ဧပြီ
ကုလားတန်မြစ်ဘက်စုံစီမံကိန်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါသည်။ ကုလားတန်မြစ် ဘက်စုံစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ ကုန်းတွင်းပိုင်းပြည်နယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသကဲ့သို့ မြန်မာနိုင်ငံ၏ ဖွံ့ ဖြိုးမှုနိမ့်ကျနေဆဲ ပြည်နယ်များဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါပါသည်။ ပိုမိုကျယ်ပြန့်သောအမြင်ဖြင့် သုံးသပ်ရပါက ကုလားတန်မြစ် ဘက်စုံစီမံကိန်းသည် အိန္ဒိယ-မြန်မာ-ထိုင်းနိုင်ငံတို့၏ သွက်လက်မြန်ဆန်သောကုန်သွယ်ရေးလမ်းကြောင်း ဖန်တီးမှုအတွက်လည်း အရေးပါပါသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သဘောတူညီမှုအရ အိန္ဒိယအစိုးရသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်း၏ အစိတ်အပိုင်းများဖြစ်သော စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ပလက်ဝဆိပ်ကမ်း တည်ဆောက်ခြင်းအပါအဝင် ကုလားတန်မြစ်အား သောင်တူးရေကြောင်း ရှင်းလင်းခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စစ်တွေမြို့မှသည် ပလက်ဝသို့ ရေကြောင်းလမ်းဖြင့် သွားလာနိုင်ပြီ ဖြစ်ပါသည်။ ကုလားတန်မြစ်ဘက်စုံစီမံကိန်း၏ နောက်ဆုံးအပိုင်းအဖြစ် ပလက်ဝမှ အိန္ဒိယနယ်စပ်ရှိ ဇိုရင်ပူအီသို့ ကားလမ်းဖောက်လုပ် ရမည်ဖြစ်ပါသည်။ ပလက်ဝ-ဇိုရင်ပူအီကားလမ်းသည် အရှည် ၁၀၉ ကီလိုမီတာရှိပြီး တောင်ကုန်းထူထပ်သော ဒေသများကို ဖြတ်သန်း၍ ခက်ခက်ခဲခဲ ဖောက်လုပ်ရမည်ဖြစ်ပါသည်။
အိန္ဒိယအစိုးရသည် ပလက်ဝ-ဇိုရင်ပူအီကားလမ်းကို ရူပီးကုဋေ ၁၆၀ဝ အကုန်အကျခံ ဖောက်လုပ်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အပြီးဖောက်လုပ်သွားရန် ရည်မှန်းထားပါသည်။ အိန္ဒိယအစိုးရသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် ချိတ်ဆက်ထားသည့် ဇိုရင်ပူအီသို့ အိန္ဒိယနိုင်ငံ၏ တခြားသောဒေသများမှ လာရောက်ချိတ်ဆက်နိုင်ရန် အဝေးပြေး လမ်းမကြီးကိုလည်း ဖောက်လုပ်ထားပြီးဖြစ်ပါသည်။ အဆိုပါ အဝေးပြေးလမ်းမကြီးသည် လေးလမ်းသွားလမ်းမကြီးဖြစ်ပြီး ရူပီးကုဋေ ၆၀ဝ၀ အကုန်ကျခံ ဖောက်လုပ်ထားခြင်းဖြစ်ပါသည်။ ပလက်ဝ-ဇိုရင်ပူအီ ကားလမ်းမကြီးသာ ပြီးစီးပါက အိန္ဒိယ-မြန်မာ ကုန်းတွင်းပိုင်း ကုန်သွယ်ရေး လမ်းကြောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်တော့မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကုလားတန်မြစ် ဘက်စုံစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့အား ဆက်စပ်ပေးမည့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ တစ်ဖက်၌လည်း ကုလားတန်မြစ် ဘက်စုံစီမံကိန်းကြောင့် ကာလကတ္တား ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့အကြား ပင်လယ်ရေကြောင်းကုန်သွယ်မှုကို နက်ရှိုင်းခိုင်မာစေမည် ဖြစ်ပါသည်။ ကုန်သွယ်ရေးလမ်းကြောင်းတို့သည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူတို့၏ လူမှုဘဝဖွံ့ ဖြိုးတိုးတက်မှုများကို ဖန်တီးပေးနိုင်သောကြောင့် ကုလားတန်မြစ်ဘက်စုံစီမံကိန်းအား ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။
မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)