ကုလသမဂ္ဂ မေ ၁၄ 

ယမန်နေ့က ကျင်းပသည့် ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွင် အစ္စရေးနှင့်အမေရိကန်တို့က အရပ်သားများအား အကူအညီပေးရန် နည်းလမ်းသစ်တစ်ရပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ရာ အခြားအဖွဲ့ဝင်နိုင်ငံများက ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပိတ်ဆို့ခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားလိုအပ်သည်များကို ဂါဇာသို့ ရက်သတ္တ ၁၀ ပတ်ကျော်ကြာ ပို့ဆောင်ခြင်းမရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အကြီးအကဲ တွမ်ဖလက်ချာက ပြောကြားသည်။ 

ဂါဇာတွင် နေထိုင်သူတိုင်းသည် ယခုအခါ အငတ်ဘေးအန္တရာယ် နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။ စားနပ်ရိက္ခာများတင်ဆောင်သည့် ထရပ်ကားများကို နယ်စပ်ဂိတ်များတွင် ဝင်ရောက် ခွင့်မပြုသည့်အတွက် တင်ဆောင်လာသည့် စားနပ်ရိက္ခာများသည် ပုပ်သိုးလျက်ရှိပြီး အခြားသောအသုံးအဆောင်များသည်လည်း ရက်ကြာသည့်အတွက် သုံးစွဲနိုင်သည့် သက်တမ်းများ ကုန်လွန်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ပြောကြား သည်။ ဂါဇာဒေသရှိပြည်သူများသည် စားနပ်ရိက္ခာအလုံအလောက် မရှိသည့်အတွက် ငတ်ပြတ်လျက်ရှိနေချိန်တွင် ယင်းသို့ စားနပ်ရိက္ခာများ ပုပ်သိုးသွားရခြင်းမှာ လုံးဝခွင့်လွှတ်နိုင်စရာမရှိကြောင်း ဘာဘရာဝုဒ်ဝဒ် က ပြောကြားသည်။ 

ကုလသမဂ္ဂတံဆိပ်တပ်ထားသောအကူအညီများသည် ဟားမတ်စ်အဖွဲ့ကို ထောက်ပံ့ရန်အတွက်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ် ဒန်နီဒန်နွန်က ပြောပြီး စားနပ်ရိက္ခာဖြန့်ဖြူးရေး နည်းလမ်းအသစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဟားမတ်စ်တပ်ဖွဲ့ဝင်မဟုတ်သည့် အရပ်သားများကို အကူအညီပေး ရန်ပုဂ္ဂလိကဖောင်ဒေးရှင်းအသစ်တစ်ခုကို အမေရိကန်အစိုးရနှင့် အစ္စရေးတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအစီ အစဉ်အထမြောက်စေရန် ပူးပေါင်းကူညီကြရန်လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ယာယီအမေရိကန်သံအမတ်ကြီး ဒိုရိုသီရှီရာက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်