ကုလသမဂ္ဂ ဇွန်လ ၈ 

 

ဟန်ဂေရီသံတမန် စီဆာဘကိုရိုစီသည် လာမည့်(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဥက္ကဌ သစ်အဖြစ် ဇွန် ၇ ရက်က ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

 

ကိုရိုစီသည် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး တစ်ရပ်တွင် တခဲနက်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး အထွေထွေညီလာခံဥက္ကဋ္ဌလောင်းအဖြစ် ၎င်းကို ဝင်ရောက်ယှဉ်ပြိုင်သူမရှိကြောင်း သိရသည်။ 

 

ကိုရိုစီသည် လက်ရှိအထွေထွေညီလာခံ၏ဥက္ကဋ္ဌဖြစ်သူ မော်လ်ဒိုက်နိုင်ငံသား အဗ္ဒူလာရှာဟစ်၏ ရာထူးတာဝန်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ ဆက်ခံမည်ဖြစ်ကြောင်း သိရသည်။

 

အထွေထွေညီလာခံ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံခဲ့ပြီးနောက် ကိုရိုစီက မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာ ၎င်း၏ သမ္မတသက်တမ်း ကာလအတွင်း ဦးစားပေးလုပ်ဆောင်ရမည့်အချက်ငါးချက်ကို ဖော်ပြထားသည်။  ၎င်းတို့မှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် ပတ်သက်၍  ခိုင်မာစွာရပ်တည်ရန်။ ရေရှည် တည်တံ့သောအသွင် ကူးပြောင်းမှုတွင် သိသာထင်ရှားသော တိုးတက်မှု ပြုလုပ်ရန်၊ ပေါင်းစပ်ပြီး စနစ်ကျသော ဖြေရှင်းနည်းများကိုရည်ရွယ်ရန်၊ ဆုံးဖြတ်ချက်ချရာတွင် သိပ္ပံ၏အခန်းကဏ္ဍကို မြှင့်တင်ရန်၊ ယနေ့ရင်ဆိုင်နေရ သောကမ္ဘာ့အကျပ်အတည်းများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး စည်းလုံးညီညွတ်မှုကို တိုးမြှင့်ရန်တို့ဖြစ်သည်။

 

ကိုရိုစီသည် ၁၉၅၈ ခုနှစ်က မွေးဖွားခဲ့ပြီး လတ်တလောအချိန်တွင် ဟန်ဂေရီသမ္မတရုံး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၁၉၈၃ ခုနှစ်က ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၀၂နှင့် ၂၀၀၆ ခုနှစ်အကြားတွင် ဂရိနိုင်ငံဆိုင်ရာ ဟန်ဂေရီ နိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ကိုရိုစီသည် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၄ ခုနှစ် အကြားတွင် ကုလသမဂ္ဂဆိုင်ရာဟန်ဂေရီနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

 

ကိုရိုစီသည် ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် ကောလိပ်ကျောင်းတက်ခဲ့ပြီး နောက်ပိုင်းတွင် အစ္စရေး၊ ဗြိတိန် နှင့် အမေရိကန်ပြည်ထောင်စု စသည်ဖြင့် ပညာသင်ယူခဲ့သည်။ ထို့အပြင် ကိုရိုစီသည် ၎င်း၏ မိခင်ဘာသာစကား အပြင် အာရတ်၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ရုရှားဘာသာစကားများကိုလည်း ကျွမ်းကျင်တတ်မြောက်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ