ရန်ကုန် ၃၀ ဇူလိုင်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)တို့၏ငွေကြေးထောက်ပံ့မှုဖြင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏အစီအစဉ်ဖြင့် ဝယ်ယူထားသော  ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်ကိရိယာ (test kits) များ ထောက်ပံ့ကူညီသည့် အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။

 

ယင်းအစီအစဉ်ကို UNHCR၊ WFP၊ UNICEF တို့၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ကူညီသည့် ပစ္စည်းများတင်ဆောင်လာသော အထူးကုန်တင် လေယာဉ်သည် ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ တွင် ကာတာနိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ UNHCR၊ WFP နှင့် UNICEF တို့ မှတာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် UNHCR၊ WFP နှင့် UNICEF တို့မှတာဝန်ရှိသူများက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၃၂၃၈၈၈ ဒသမ ၆၈ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits) ၂၀၀၀၀ ကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က လက်ခံရယူသည်။

 

လှူဒါန်းမှုနှင့်ပတ်သက်၍ WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Stephen Anderson က``ဒီနေ့ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ ၂၀၀၀၀ အနက်မှာ WFP အနေနဲ့ ၁၀၀၀၀ ပါဝင်လှူဒါန်းတာဖြစ်သလို ကျန်တဲ့ ၁၀၀၀၀ ကတော့ UNHCR က လှူဒါန်းတာဖြစ်ပါတယ်။ အခုလိုရောက်ရှိလာဖို့အတွက် ဝယ်ယူရေး အပိုင်းကို ဆောင်ရွက်ပေးခဲ့တဲ့ UNICEF ကိုကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ အခုလို ရောဂါပိုးစမ်းသပ်ကိရိယာတွေ ရောက်ရှိလာတာဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါတဲ့ အကူအညီဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ WFP နဲ့အတူ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ဆက်လက် ထောက်ပံ့ ကူညီသွားဖို့ရှိပါတယ်´´ ဟုပြောသည်။

 

ယနေ့ထောက်ပံ့ကူညီမှုသည် ကုလသမဂ္ဂက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits) ၉၀၀၀၀ ကျော်ထောက်ပံ့ပေးမည့် အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

 

ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က``ဒီ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)တွေဟာဆိုရင် အခု အချိန်မှာ နိုင်ငံတိုင်းက လိုအပ်နေတာဖြစ်လို့ ငွေရှိရုံနဲ့မရပါဘူး။ အခုလို UN အဖွဲ့အစည်းတွေက သက်ဆိုင်ရာကုမ္ပဏီတွေကနေမှာယူပြီး အချိန်မီရောက်ရှိအောင် ဆောင်ရွက်ပေးမှသာလျင် ဆရာတို့နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်မှုကို မြှင့်တင် နိုင်မှာဖြစ်ပါတယ်။ စစ်ဆေးမှုတွေကို ပိုမိုတိုတက်ပြီးဆောင်ရွက်ဖို့ကြိုးစားနေတဲ့ အချိန်မှာ အခုလိုလှူဒါန်းပေးတဲ့အတွက် အထူးပဲကျေးဇူး တင်ပါတယ်´´ ဟုပြောကြားသည်။

 

ကုလသမဂ္ဂမိသားစုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်မှုတွင် အပြည့်အဝ ပူးပေါင်းကူညီ ရပ်တည်လျက်ရှိပြီး အရေးပေါ် လူ့အသက် ကယ်ဆယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်ကိရိယာ (test kits)များ ထောက်ပံ့မှု များအပါအဝင် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရာတွင် အကူအညီဖြစ်စေမည့် အမျိုးသားအဆင့် တုံ့ပြန်ဆောင်ရွက်မှု စွမ်းရည်များတိုးတက်လာစေရန် အတွက်လည်း အားဖြည့် ကူညီပေးလျက်ရှိကြောင်း၊ ထို့အတူ ပြည်တွင်း၌ လိုအပ်နေသည့် ကယ်ဆယ်ရေး၊ သန့်ရှင်းရေးနှင့် ဆေးဝါးအထောက်အပံ့များကို မြန်မာနိုင်ငံသို့ လွယ်ကူချောမွေ့စွာ ရောက်ရှိနိုင်စေရန်အတွက် WFP ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်များဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း UNHCR နှင့် WFP တို့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်