၁၈ ဇွန်

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် အိန္ဒိယ၊ မက္ကဆီကို၊ နော်ဝေ နဲ့ အိုင်ယာလန် နိုင်ငံတွေ ရွေးချယ်ခံရချိန်မှာ  ကနေဒါနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ လက်လွှတ်ခဲ့ရတာ နှစ်ကြိမ်ရှိလာပြီ ဖြစ်ပါတယ်။

 

အိန္ဒိယ၊ မက္ကဆီကို၊ နော်ဝေ နဲ့ အိုင်ယာလန် နိုင်ငံတွေကို မနေ့ (ဗုဒ္ဓဟူးနေ့) က လုံခြုံရေးကောင်စီရဲ့ ၂၀၂၁-၂၀၂၂ သက်တမ်းအတွက် အမြဲတမ်းမဟုတ်တဲ့ ယာယီအဖွဲ့ဝင် နိုင်ငံအဖြစ် ရွေးချယ်ခံခဲ့ရပြီး အာဖရိကနိုင်ငံတွေ နေရာကို ဂျဘူတီ နဲ့ ကင်ညာနိုင်ငံတို့က မဲအရေအတွက်ရဲ့ သုံးပုံနှစ်ပုံ မရတဲ့အတွက် ဒီနေ့ (ကြာသပတေးနေ့) မှာ ဒုတိယအကြိမ်မဲပေးပြီး အာဖရိကနိုင်ငံတွေအတွက် နေရာကို ရွေးချယ်မယ်လို့ သိရပါတယ်။

 

အာရှပစိဖိတ်ဒေသအတွက် ကုလသမဂ္ဂမှာ အမြဲတမ်း အဖွဲ့အဝင်အဖြစ် တိုးချဲ့ ဖွဲ့စည်းရေးကို ကြိုးပမ်းနေတဲ့ အိန္ဒိယနိုင်ငံဟာ အမြဲတမ်း အဖွဲ့ဖြစ်ရေး မအောင်မြင်ခဲ့ပေမယ့် ယာယီအဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံပေါင်း ၁၈၄ နိုင်ငံရဲ့ မဲဖြင့် ရွေးချယ်ခံခဲ့တာကို တွေ့ရပါတယ်။ ယာယီအဖွဲ့ဝင်အဖြစ် တရုတ်နိုင်ငံနဲ့ နယ်စပ်မျဉ်းမှာ ခိုက်ရန်ဖြစ်ပွားပြီး နှစ်ရက်အကြာမှာ ရွေးချယ်ခံရတာဖြစ်ပါတယ်။

 

ယာယီအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံက မဲပေးရွေးချယ်လေ့ရှိပါတယ်။

 

အနောက်နိုင်ငံများအတွက် နေရာကို ကနေဒါနိုင်ငံက မရရှိဘဲ အိုင်ယာလန်နဲ့ နော်ဝေနိုင်ငံတွေက ရရှိသွားတာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံက ရွေးချယ်ခံရရေးအတွက် ကမ္ဘာကျော် အဆိုတော် ဆလင်းဒီယွန် ဖျော်ဖြေပွဲကို နယူးယောက်မှာ ပြုလုပ်ခဲ့သလို မဲဆွယ်ရေးအတွက် ဝန်ထမ်း ၁၃ ဦးကို အချိန်ပြည့်တာဝန်ယူပြီး ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ပါတယ်။

 

အိုင်ယာလန် ကလည်း U2 ဖျော်ဖြေးရေး လုပ်ခဲ့ပြီး မဲဆွယ်တာကို တွေ့ရပါတယ်။

 

မဲဆွယ်ရေးအတွက် ကုန်ကျစရိတ်ကို ကနေဒါနိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၄ သန်း၊ အိုင်ယာလန်နိုင်ငံက အမေရိကန်ဒေါ်လာ ၈၀ဝ,ဝ၀ဝ နဲ့ နော်ဝေနိုင်ငံကတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်း အသီးသီး သုံးစွဲခဲ့ကြောင်း သိရပါတယ်။

 

လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေက ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန် နိုင်ငံတို့ဖြစ်ပြီး ယာယီအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ကတော့ နှစ်နှစ်တစ်ကြိမ် ရွေးချယ်လေ့ရှိပါတယ်။ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာနဲ့ ပယ်ချခွင့်ကို အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေမှာပဲ ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP