ဝါရှင်တန် ဧပြီ  ၂၄

 

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုသို့ မသွားရောက်မီနှင့် ယူကရိန်း  သမ္မတ ဇီလန်စကီးနှင့်  တွေ့ဆုံရန် ယူကရိန်းနိုင်ငံ၏ မြို့တော်ကိဗ်ယက်သို့ မသွားရောက်မီ တူရကီနိုင်ငံ၏ မြို့တော်အန်ကာရာသို့ ပထမဆုံးသွားရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်သည် ဧပြီ ၂၅ ရက်တွင် တူရကီနိုင်ငံ၏ မြို့တော်အန်ကာရာသို့ သွားရောက်ကာ တူရကီသမ္မတ အာဒိုဂန်နှင့်  တွေ့ဆုံမည် ဖြစ်ကြောင်းသိရသည်။

 

အဖိုးတန်အိမ်ရှင်ဖြစ်

 

တူရကီနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  ဆွေးနွေးပွဲအတွက်   အဖိုးတန်အိမ်ရှင်ဖြစ်ခဲ့ကြောင်းလည်း ကုလသမဂ္ဂ၏ အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖစ်က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဧပြီ ၂၆ ရက်တွင် မော်စကိုမြို့သို့သွားရောက်ရန်နှင့်  ဧပြီ ၂၈ ရက်တွင် ကိဗ်ယက်မြို့သို့ သွားရောက်ရန် စီစဉ်ထားပြီး တူရကီနိုင်ငံသည် ရုရှားနှင့်ယူကရိန်းအကြား ညှိနှိုင်းပေးသည့်      နိုင်ငံဖြစ်ခြင်းကြောင့်   ဂူတာရက်စ်အနေဖြင့် တူရကီသို့ ကနဦး သွားရောက်ရန်  စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား-စီအင်န်အေ

ဘာသာပြန်-အလင်းသစ်