ကုလသမဂ္ဂ ဧပြီ ၂
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နေရာကို ဆက်ခံမည့် ကုလသမဂ္ဂအကြီးအကဲရာထူးနေရာအတွက် ကနဦးအနေဖြင့် လေးဦးကို အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။
ဂူတာရက်စ်သည် ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးမည့် ဒုတိယငါးနှစ်သက်တမ်းကို ထမ်းဆောင်လျက်ရှိသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းရန် အဖွဲ့ဝင်နိုင်ငံများကို ယမန်နေ့က တောင်းဆိုခဲ့သည်။
နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖယ်ဂရိုစီနှင့် ချီလီသမ္မတဟောင်း မစ်ရှဲလ် ဘာချီလတ်တို့သည် ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။
အလားတူ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ အထွေထွေအတွင်းရေးမှူးချုပ် ရီဘီကာ ဂရေစပန်နှင့် ဆီနီဂေါသမ္မတဟောင်း မက်စကီဆောလ်တို့လည်း အဆိုပါ ရာထူးနေရာအတွက် အမည်စာရင်းတင်သွင်းခံထားရကြောင်း သိရသည်။
အခြားသော ကိုယ်စားလှယ်လောင်းများကိုလည်း မကြာမီ အမည်စာရင်းတင်သွင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။
လက်ရှိအမည်စာရင်းတင်သွင်းထားသူလေးဦးအနက် ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ အမျိုးသမီးများဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူးနေရာတွင် ယခင်က အမျိုးသမီးများ တာဝန်ထမ်းဆောင်ဖူးခြင်းမရှိသည့်အတွက် အမျိုးသမီးများကို အမည်စာရင်းတင်သွင်းရန် တောင်းဆိုလျက်ရှိသည်။
ကိုယ်စားလှယ်လောင်းများသည် ဧပြီ ၂၀ ရက်မှ စတင်ပြီး အပြန်အလှန်ဆွေးနွေးမှုများတွင် ပါဝင်မည်ဖြစ်သည်။
လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များသည် အတွင်းရေးမှူးချုပ်အသစ်ကို ရွေးချယ်ရာတွင် အဓိကနေရာတွင် ပါဝင်သည်။ ကုလသမဂ္ဂအကြီးအကဲအသစ်တစ်ဦးကို ခန့်အပ်ရန်အတွက် လုံခြုံရေးကောင်စီ၏ထောက်ခံချက် လိုအပ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


