စစ်တွေ ၂၂ ဇန်နဝါရီ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အဖွဲ့အား ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အထူးဧည့်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်းစီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဇန်နဝါရီ ၄ ရက်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးသည်။
ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် လွှတ်တော်သို့သွားရောက်ပြီး ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနှင့်တွေ့ဆုံကာ ပြည်နယ်လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးကြသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်