ဂျနီဗာ နိုဝင်ဘာ ၉
အာဖဂန်နစ္စတန်တွင် ခက်ခဲကြမ်းတမ်းသည့် ဆောင်းရာသီ မတိုင်မီ တိုင်းပြည်အတွင်း ရွှေ့ပြောင်းနေထိုင်သူများကို အကူအညီ ဖြစ်စေရန်အတွက် လေကြောင်းမှ အကူအညီများ ပေးပို့နိုင်ရေး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)က လုပ်ဆောင်လျက် ရှိသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီမှ စင်းလုံးငှား လေယာဉ်များသည် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်ရှိ လေဆိပ်အခြေအနေ တိုးတက်ရေးအတွက် တန်ချိန် ၁၀၀ ဝန်းကျင်ရှိသည့် အခင်းများ အကန့်များကို သယ်ဆောင် ခဲ့ကြသည်။ ယခုနှစ်အတွက် ရွှေ့ပြောင်းနေထိုင်သူ အာဖဂန် အရေအတွက်မှာ ၇၀၀၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကပြောသည်။ ၎င်းတို့မှာ တာလီဘန်များကို ကြောက်ရွံ့မှုနှင့် အခြားသော အကြောင်းပြချက်များကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာကြသူများ ဖြစ်သည်။
အာဖဂန်အစိုးရပိုင် ပြည်ပရှိ ပိုင်ဆိုင်မှုများမှာ ထိန်းသိမ်းခံရပြီးနောက် နိုင်ငံအတွင်း စီးပွားရေး အခြေအနေမှာလည်း ဆိုးဆိုးရွားရွား ပျက်စီးလျက်ရှိသည်။ အစားအစာ ပြတ်တောက်ခြင်း အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်။ အာဖဂန်အများစုမှာ ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း၊ အချို့သော မိဘများမှာ သားသမီးများကို ရောင်းချနေရသည့် အခြေအနေအထိ ဖြစ်နေကြောင်း ကဘူးလ်မြို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရုံးမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုရီ ယာမာတာကီရှီက ပြောသည်။
လာမည့် ဆောင်းတွင်းကာလတွင် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆိုးရွားသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ များ လိုအပ်လာမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အင်န်အိတ်ချ်ကေ