ဆာနား ၁၉ ဖေဖော်ဝါရီ
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်ရရှိခဲ့သည့် စတော့ဟုမ်း ငြိမ်းချမ်းရေးသဘောတူညီမှုအရ ယီမင်ရှိ ဟူသီသူပုန်များသည် ၎င်းတို့၏ တိုက်ခိုက်ရေးအဖွဲ့သားများကို တနင်္ဂနွေနေ့တွင် ဟိုဒေးဒါဆိပ်ကမ်းမြို့မှ ဆုတ်ခွာသွားစေရန် သဘောတူညီလိုက်ကြောင်း သိရသည်။
သူပုန်အဖွဲ့က ဖော်ပြခဲ့သည့်သတင်းထုတ်ပြန်ချက်အရ ၎င်းတို့သည် ပထမခြေလှမ်းအဆင့်အနေဖြင့် ဆိပ်ကမ်းမြို့မှ ဆုတ်ခွာသွားမည်ဖြစ်ကြောင်း ဟူသီသူပုန်များက ပြောကြားခဲ့သည်။
ယင်းသို့ဆောင်ရွက်မှုသည် ယီမင်သို့ ကုလသမဂ္ဂဆိုင်ရာ အထူးသံအမတ်အဖြစ် လာရောက်လျက်ရှိသည့် မာတင်ဂရစ်ဖစ်နှင့် ကုလသမဂ္ဂ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ မစ်ချယ်အန်ကာလောလက်စ်ဂတ်တို့ တင်ပြခဲ့သည့် အစီအစဉ်တစ်ရပ်အပေါ် အခြေခံသည့် ဆောင်ရွက်မှုဖြစ်ကြောင်း သိရသည်။
ယီမင်၏ တင်သွင်းကုန်များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့များ ဝင်ရောက်ရာ စီးပွားရေး အချက်အချာ ဝင်ပေါက်တစ်ခုဖြစ်သည့် ဟိုဒေးဒါဆိပ်ကမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရှောင်လွှဲနိုင်ရန်နှင့် သဘောတူညီမှုကို ခိုင်မာစေရန် ဂရစ်ဖစ်သည် ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်ရှိ ယီမင်အစိုးရနှင့် ဆာနားရှိ ဟူသီသူပုန်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။ယီမင်၌ ဖြစ်ပွားနေသည့် လေးနှစ်ကြာပြည်တွင်းစစ်သည် ပြည်သူ ၁၂ သန်းကျော်ကို ငတ်မွတ်ခေါင်းပါးမှုဘေး ဆိုက်ရောက်စေခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ဆင်ဟွာ