ရွှေပြည်သာ နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ထောက်ပံ့သည့် ဆန်များအား ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ လက်လုပ်လက်စား ပြည်သူများထံ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယမန်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် အမှတ်(၂) ရပ်ကွက်ရှိ အိမ်ထောင်စု ၄၂၆ စု အား ဆန်အိတ် ၄၂၆ အိတ်၊ အမှတ်(၃)ရပ်ကွက်ရှိအိမ်ထောင်စု ၁၁၇၉ စုအား ဆန်အိတ် ၁၁၇၉ အိတ်၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု ၅၃၉ စုအား ဆန် အိတ်၅၃၉ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၂၇) ရပ်ကွက်ရှိ အိမ်ထောင်စု ပေါင်း ၉၀၀၀၀ ကျော်အား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)