ဇန်နဝါရီ ၇
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုနှင့် ပတ်သက်ပြီး လာမည့် သီတင်းပတ်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူရန် စီစဉ်ထားသည်။
ကုလသမဂ္ဂသံတမန်သတင်းအရင်းအမြစ်က အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့အပါအဝင် နိုင်ငံပေါင်း ငါးနိုင်ငံက အရေးပေါ်အစည်းအဝေးခေါ်ယူရန် လုံခြုံကောင်စီထံတောင်းဆိုထားသည်။ ယင်းအစည်းအဝေးကို ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရအလုပ်သမားပါတီသတင်းစာ ရိုဒွန်ဆင်မွမ်က အသံထက်မြန်သော ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုကို ပြီးခဲ့သည့်နေ့ကပြုလုပ်ခဲ့ကြောင်း ယမန်နေ့က ဖော်ပြသည်။
ဂျပန်နှင့် အမေရိကန်နိုင်ငံတို့က ပဲ့ထိန်းဒုံးကျည်နည်းပညာကိုအသုံးပြုထားသည့် ထိုစမ်းသပ်ပစ်ခတ်မှုသည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုဖောက်ဖျက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နှစ် စက်တင်ဘာနှင့် အောက်တိုဘာက မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်စမ်းသပ်ချိန်သည် လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ကျင်းပနေချိန်ဖြစ်သည်။
အနောက်နိုင်ငံများက အဆိုပါဒုံးကျည်ပစ်ခတ်မှုကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ရန် တောင်းဆိုခဲ့သော်လည်း တရုတ်နှင့်ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို