ဂျီနီဗာ   ဖေဖော်ဝါရီ   ၇

တရုတ်နိုင်ငံ၏ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် လာရောက်လည်ပတ်ခွင့်ပြုရန် မျှော်လင့်ပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်ထိပ်တန်းခေါင်းဆောင်များအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ဖေဖော်ဝါရီ ၄ ရက်တွင် ပေကျင်းမြို့၌ စတင်ကျင်းပသည့် အိုလံပစ်အားကစား ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမေရိကန်၊ ဗြိတိန်နှင့် အခြားသော နိုင်ငံအများအပြားသည် တရုတ်နိုင်ငံ၏ ရှင်ကျန်းဝီဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသို့ သံတမန်ရေးဆိုင်ရာ သပိတ်မှောက်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် အိုလံပစ်အားကစားပြိုင်ပွဲသို့ မည်သည့် အစိုးရကိုယ်စားလှယ်ကိုမျှ စေလွှတ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ်ဘတ်ချ်လက်အား တရုတ်နိုင်ငံက ဖိတ်ကြားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ရှင်ကျန်းခရီးစဉ်အား ကြိုဆို ပါကြောင်း ပြောကြားခဲ့ပြီး ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် ကိစ္စရပ် အသီးသီးကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းရာတွင် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြု ပြောကြားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အလင်းသစ်