ဝါရှင်တန် ၆ နိုဝင်ဘာ
အမေရိကန်ပြည်ထောင်စုသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီမှုမှ နိုဝင်ဘာ ၄ ရက်တွင် တရားဝင်နုတ်ထွက်သွားပြီဖြစ်သည်။
နာမည်ဆိုးတပ်
အဆိုပါ သဘောတူညီမှုသည် လက်တွေ့တွင် မျှတမှုမရှိဘဲ အမေရိကန်၏ ထုတ်လုပ်ရေးလုပ်ငန်းကို ကန့်သတ်ထားသည်ဟု အမေရိကန်သမ္မတ ထရမ့်က နာမည်ဆိုးတပ်ခဲ့သည်။ လွန်ခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်ကတည်းက ထရမ့်အစိုးရအဖွဲ့သည် ကမ္ဘာကြီးပူနွေးလာမှုကို ဖြေရှင်းရန် ပြုလုပ်ခဲ့သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီမှုမှ တရားဝင်နုတ်ထွက်တော့မည်ဟု ကုလသမဂ္ဂကို အသိပေးခဲ့ပြီးဖြစ်သည်။ အမှန်တကယ် တရားဝင်နုတ်ထွက်မှုမှာမူ တစ်နှစ်အကြာတွင် ပြုလုပ်နိုင်ခဲ့သည်။
ကြေညာချက် ထုတ်ပြန်
ကုလသမဂ္ဂမှ မူဘောင်ချမှတ်ထားသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံမှ ဗြိတိန်၊ ပြင်သစ်တို့ အပါအဝင် အခြားသော နိုင်ငံများနှင့် ပူးပေါင်းကာ အမေရိကန်၏ နုတ်ထွက်မှုအပေါ် ဝမ်းနည်းမိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သဘောတူညီမှုမှ နုတ်ထွက်မှုနှင့် စပ်လျဉ်းပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အင်န်အိတ်ချ်ကေသို့ ပြောကြားခဲ့သည်။ စီးပွားရေးတိုးတက်ကြီးပွားမှု ပြုလုပ်နေစဉ်နှင့် စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရရေးအတွက် ပြုလုပ်နေစဉ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိုလည်း အမေရိကန်အစိုးရက ထောက်ပံ့ပေးလျက်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပြန်လည်ပါဝင်လာမည်ဟုဘိုင်ဒင်ပြော
အမေရိကန်သမ္မတ ရွေးကောက် ပွဲ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေသည့် သမ္မတလောင်း ဂျိုးဘိုင်ဒင် ကလည်း နိုဝင်ဘာ ၃ ရက်က ၎င်းသာ ရွေးကောက်ခံရပါက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူ ညီမှုတွင် ပြန်လည်ပါဝင်လာမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ရက်ပေါင်း ၃၀ ကြာပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးသို့ စာရေးသားပေးပို့လာပါက ပါရီသဘောတူညီမှုသို့ ပြန်လည်ပါဝင်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
အင်န်အိတ်ချ်ကေ