၇ ဖေဖော်ဝါရီ

 

အများပိုင်ကုမ္ပဏီများနှင့် စာရင်းဝင်ကုမ္ပဏီကြီးများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် အားကောင်းမှသာ ဘဏ်မှ ငွေကြေးအရင်းအနှီးလိုအပ်ချက် ရယူရာတွင် လွယ်ကူသည့်အပြင် ရင်းနှီးမြှုပ်နှံမည့် ရှယ်ယာရှင်များအတွက်လည်း ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

 

"ကော်ပိုရိတ် စီမံအုပ်ချုပ်မှုစနစ်မကောင်းတဲ့ ကုမ္ပဏီဆိုရင် သူက အချိန်မရွေး မမျှော်လင့်တာ ဖြစ်သွားနိုင်တယ်၊ သူက Risk တွေများတယ်၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ကောင်းတဲ့ ကုမ္ပဏီဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံရတဲ့သူက စိတ်ချယုံကြည်မှုရှိတယ်၊ အဲ့တော့သူက Risk နည်းတယ်၊ ကျွန်တော်တို့တိုင်းပြည်မှာတော့ အများပြည်သူက ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်နဲ့ ပတ်သက်တဲ့ အသိအမြင်နည်းသေးတဲ့အတွက် ဒါကိုသေချာဆန်းစစ်နိုင်ခြင်း မရှိဘဲနဲ့ ဘာဖြစ်ဖြစ် ရှယ်ယာခေါ်ရင် ဝင်ကြတာပဲ၊ တစ်လဘယ်လောက်တိုးမယ်ဆို လုပ်ကြတာပဲ၊ ဒီဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့တာ၊ ဒါကြောင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ပြီးသွားရင် အချက်ကြီးနှစ်ချက်ပေါ့၊ ကုမ္ပဏီတွေအနေနဲ့လည်း  Access to Finance ပိုကောင်းသွားမယ်၊ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမယ့် အများပြည်သူရော၊ အခြားဘဏ်တွေရော၊ ကျန်တဲ့ ရင်းနှီးမြုပ်နှံတဲ့ အဖွဲ့အစည်းအားလုံးကလည်း သူ့ရဲ့ Financial Performance ကို ကြည့်ပြီး အကဲဖြတ်လို့ရမယ်"ဟု ဦးအောင်နိုင်ဦးက ပြောသည်။

 

သို့ဖြစ်၍ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပေးကော်မတီအနေဖြင့် အများပိုင်ကုမ္ပဏီများနှင့် စာရင်းဝင်ကုမ္ပဏီကြီးများ လိုက်နာရမည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု စနစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လာမည့်ဧပြီတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်သည် စာရင်းဝင် ကုမ္ပဏီကြီးများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီကြီးများ၏ စီမံခန့်ခွဲမှု စနစ်တကျရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေးတို့အတွက် ထုတ်ပြန်မည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး ယင်းစည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ပြီးပါက ကုမ္ပဏီအားလုံး လိုက်နာရမည်ဖြစ်ကြောင်း ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပေးကော်မတီထံမှ သိရသည်။

 

"ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်က ဘာနဲ့ဆက်စပ်လည်းဆိုရင် Access to Finance ပေါ့၊ ကျွန်တော်တို့ ငွေကြေးအထောက်အပံ့တွေ ရရှိဖို့အတွက်ကို ဘဏ်တွေက ချေးတဲ့အခါမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ဘယ်လောက်ကောင်းသလဲ၊ ကုမ္ပဏီတွေကို တစ်ခုခု လုပ်ငန်းလုပ်တဲ့အခါမှာ သက်ဆိုင်ရာက ကြည့်တဲ့အခါမှာ သူ့ရဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ဘယ်လောက်ကောင်းသလဲဆိုတာ သူတို့ကကြည့်တာ၊ အဲတော့ အတိတ်မှာဖြစ်နေတာက ကျွန်တော်တို့မှာ တိကျတဲ့ စည်းမျဉ်းစည်းကမ်း ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် မရှိတဲ့အခါကျတော့ ဘဏ်တွေမှာလဲ ဒီကုမ္ပဏီသည် ဘယ်လောက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် အားကောင်းလဲဆိုတာကို သူတို့လဲ ဆန်းစစ်ရတာ ခက်ခဲတယ်၊ ဒါကြောင့်မလို့ Access to Finance အတွက်ကို ကျွန်တော်တို့က လုပ်တာဖြစ်ပါတယ်၊ အဲတော့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် စပြီးအသက်ဝင်လာပြီဆိုရင်တော့ ဘဏ်တွေအတွက်လည်း သူရဲ့ငွေထုတ်ချေးရမယ့်သူတွေ၊ နောက်တစ်ခါ အများပြည်သူက ပါဝင်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်း ငွေရှိလို့ စာရင်းဝင်ကုမ္ပဏီမှာ ရှယ်ယာဝင်ချင်ရင် ဒီကုမ္ပဏီက ဘယ်လောက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ကောင်းလဲဆိုတာ အကဲခတ်လို့ရတယ်"ဟု  ဦးအောင်နိုင်ဦးက ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင်ရှိသော အများပိုင်ကုမ္ပဏီများနှင့် စားရင်ဝင်ကုမ္ပဏီကြီးများအနေဖြင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်ကို လိုက်နာကျင့်သုံးရန် အားနည်းချက်များရှိပြီး အဓိက အားနည်းချက်များမှာ ရှယ်ယာဝင်များအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို မသိရှိခြင်း၊ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ခြင်း (Disclosure Transparency) အပိုင်းတွင် အားနည်းခြင်းနှင့် ဒါရိုက်တာများ၏ တာဝန်ကို တိတိပပ နားမလည်ခြင်းတို့ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ထို့ကြောင့် အများပိုင်ကုမ္ပဏီများနှင့် စာရင်းဝင်ကုမ္ပဏီကြီးများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်နှင့် ပတ်သက်၍ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်ကာ တစ်ဖက်တစ်လမ်းမှလည်း ဒါရိုက်တာများ လိုက်နာရမည့် ဒါရိုက်တာလက်ဆွဲစာအုပ်များ ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းနှင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် Myanmar Institute of Director ကို ထူထောင်ထားပြီး ဒါရိုက်တာတစ်ဦး လုပ်ဆောင်ရမည့် အချက်များကို သင်တန်းများပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ၂၀၁၃ ခုနှစ်မှစ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း(OECD)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပေးကော်မတီကို ဖွဲ့စည်းကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း