မကွေး၊ ၉ ဇန်နဝါရီ
မကွေးနယ်မြေရဲစခန်း၌ ဇန်နဝါရီ ၆ ရက်နေ့က ကုမ္ပဏီအရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇင်ကိုဦးဆိုသူက ငွေအလုခံရကြောင်း တိုင်ကြားခဲ့သဖြင့် စုံစမ်းစစ်ဆေးရာ ၎င်းမှာ ငွေကြေး အလွဲသုံးစားလုပ်သူဖြစ်နေသည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။
ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ ၎င်းမှာ CENTURY BEVERAGE Co,ltd ကုမ္ပဏီပိုင်ငွေ ၂၉ သိန်းခန့် ( ၂၈၉၅၂၆၉ ကျပ်) ကို အလွဲသုံးစားပြုလုပ်ခဲ့သည်ကို စုံစမ်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
၎င်းမှာ ငွေကျပ် သိန်းသုံးဆယ် အလုခံရကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်းပြီး ဧရာဝတီနှင့် KBZ ဘဏ်များ၌ ငွေသွားထုတ်ခဲ့ရာ သုခိတာလမ်းပေါ်ရှိ လဝကရုံး ရှေ့နားတွင် ဆိုင်ကယ်နှစ်စီးနှင့် လူငါးယောက်က လုသွားခြင်းဖြစ်ကြောင်း လိမ်လည်တိုင်ကြားခဲ့သည်။
“အဲဒီ့နေရာတွေက CCTV တွေကို စစ်တယ်။ သူပြောသလို မတွေ့ရဘူး။ နယ်ထိန်း နဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့တွေက လိုက်စုံစမ်းပြီး စစ်ဆေးတော့ တရားလိုကနေ တရားခံဖြစ်သွားတာပါ '' ဟု မကွေးနယ်မြေစခန်းမှူး ရဲအုပ် သန့်ဇင်ထွန်း က ရှင်းပြသည်။
ထို့ပြင် ယင်းကုမ္ပဏီ၏ အရောင်းကြီးကြပ်ရေးမှူးက ဇန်နဝါရီ ၈ ရက်နေ့တွင် ကုမ္ပဏီအရောင်းဝန်ထမ်း ဖြစ်သူ ကိုဇင်ကိုဦး အား ကုမ္ပဏီငွေ အလွဲသုံးစား ပြုလုပ်မှုဖြင့် အရေးယူပေးရန် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ထားခြင်းလည်း ဖြစ်သည်။
ဖြစ်စဉ်ကြောင့် မကွေးနယ်မြေရဲစခန်း၌ အဆိုပါကုမ္ပဏီဝန်ထမ်းကို ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ဇေယျတု( မကွေး)