နေပြည်တော်၊ ၁၁ ဇွန်

 

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာကိစ္စများကို ကိုယ်စားဆောင်ရွက်ရမည့် ကိုယ်စားလှယ်များ သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း  ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဝန်ကြီးဌာနအနေဖြင့် မူပိုင်ခွင့် ဦးစီးဌာနကို အလေးထားပါကြောင်း၊ ဦးစီးဌာနအသစ်တစ်ခုအနေဖြင့် ရုံးအဆောက်အဦတွင် ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များနှင့် ပြည့်စုံစေရေး၊ လူ့စွမ်းအားအရင်းအမြစ်ရရှိရေးနှင့် ပြုစုပျိုးထောင်ရေးတို့ကို ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထား ပြီဖြစ်ပါကြောင်း၊ ဗဟိုကော်မတီသို့ မူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်မှုများကို တင်ပြနိုင်ရေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့် ဥပဒေ(၄)ရပ်ကို အကောင်အထည်ဖော်ရာတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ဦးစွာဆောင်ရွက်ပြီး လျာထားသည့်အစီအစဉ်အလိုက် ဥပဒေတစ်ရပ်ချင်းစီကို အာဏာသက်ရောက်စေပြီး အကောင်အထည်ဖော်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ် ခြင်း (Soft Opening)ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁) ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် သတ်မှတ်ထားသည့် အီလက်ထရောနစ်နည်းဖြင့် လျောက်ထားနိုင်ပါကြောင်း၊ အီလက်ထရောနစ်ဖြင့် User Account ယူခဲ့သော ကိုယ်စားလှယ်အရေအတွက်မှာ (၆၀၂) ဦး ရှိသော်လည်း မှတ်ပုံတင်လျှောက်ထားမှုများကို ဆောင်ရွက်နေသော ကိုယ်စားလှယ် (၄၁၁) ဦးသာရှိပါကြောင်း၊ Account များတစ်ဆင့် တင်သွင်းလာ သော လျှောက်လွှာ အရေအတွက်မှာ (၃၀၀၀၀) ကျော်ရှိပြီး Pending Status ဖြစ်နေသည့် လျှောက်ထား ချက်များလည်းရှိပါကြောင်း၊ အမှတ်တံဆိပ် ပိုင်ရှင်များကိုယ်တိုင် (သို့မဟုတ်) ၎င်း၏ ကိုယ်စားလှယ်က မူပိုင်ခွင့်ဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ရေးကို ဒုတိယအဆင့်တွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့မဆောင်ရွက်မီ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ “ကိုယ်စားလှယ်” သတ်မှတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ ကိုတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)