နေပြည်တော်၊ ၁၀ ဒီဇင်ဘာ
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ (MSME)အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပ သည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ယခုအစည်းအဝေးသည် ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အကူအညီပေးရေးအစီအစဉ်အရ Swiss Federal Institute of Intellectual Property(IPI) နှင့် ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာ ယှဉ်ပြိုင်မှုများမြင့်မားပြီး၊ ကမ္ဘာ့စျေးကွက် ကျယ်ပြန့်လာသောကြောင့် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ် များသည် ကဏ္ဍတိုင်းအတွက် ပိုပြီးအရေးကြီးလာကြောင်း၊ မူပိုင်ခွင့်စနစ်သည် ဖန်တီးသူနှင့် သုံးစွဲသူ တို့အကြား အကျိုးစီးပွားဟန်ချက်ညီစေပြီး ဆန်းသစ် တီထွင်မှုများကို အားပေးဆွဲဆောင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကိုတို့ အာဏာသက်ဝင်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေ များ၊ လမ်းညွှန်ချက်များကို ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံ တင်လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်းကို ဆောင်ရွက်နိုင်စေရန် မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊
မူပိုင်ခွင့်ကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကိုအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် အထူးလိုအပ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိရိယာတစ်ခုအဖြစ် နိုင်ငံများစွာက အသုံးပြုလျှက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်ခြင်း၊ လူသားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်များပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့် မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ် ကို မျှတစွာခွဲဝေခံစားစေခြင်းဖြင့် စာပေအနုပညာ နှင့် စက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းကြောင့် လူနေမှုအဆင့် အတန်းမြင့်မားလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ စွာကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဤဆွေးနွေး ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေဆိုင်ရာ သိကောင်းစရာများကို လေ့လာခွင့်ရရှိနိုင်မည့်အပြင် ဆွစ်ဇာလန်နိုင်ငံ၏ အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများတွင် မူပိုင်ခွင့်၏ အရေးပါပုံများကို လေ့လာခွင့်ရရှိနိုင် မည်ဖြစ်ပြီး မိမိတို့အနေဖြင့် စီးပွားရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူပိုင်ခွင့် အကာအကွယ်ပေးမှုများကို အတတ်နိုင်ဆုံး အသုံးပြုကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဆွစ်ဇာလန်သံရုံးမှ Head of Cooperation and Deputy Head of Mission ဖြစ်သူ Mr. Giacomo Solari က မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာအညွှန်းကဏ္ဍများတွင် ကူညီထောက်ပံ့ ဆောင်ရွက်ပေးနေမှုများ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကုန်အမှတ်တံဆိပ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့် ဆိုင်ရာဥပဒေများ၊ ပြဌာန်းထားရှိမှုများ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည် မေးမြန်းရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ Swiss Federal Institute of Intellectual Property (IPI)မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များက အွန်လိုင်းမှပါဝင်တက်ရောက် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


