ဦးကျော်ကျော်(တရားရေး)

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ရောက်လာပြီဖြစ်၍ ယင်းဥပဒေအရ စွဲဆိုမှုများ၊ အငြင်းပွားမှုများလည်း တိုးပွားလာမည်ဖြစ်ပါသည်။ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် အခွင့်အရေးပိုင်ရှင်များအနေဖြင့် မိမိတို့၏အခွင့်အရေးကို ကာကွယ်ရန်လိုအပ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း အခြားသူ၏ အမှတ်တံဆိပ် အခွင့်အရေးကို ချိုးဖောက်ရာမရောက်အောင် သတိပြုရန်လိုအပ်မည်ဖြစ်၍ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များမှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်တင်ပြအပ်ပါသည်။

အမှတ်တံဆိပ်အမျိုးအစားများ

အမှတ်တံဆိပ်  ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို အခြား သော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခွဲခြားသိရှိစေနိုင်သော ကိုယ်ပိုင်အမည်နာမများ၊ အက္ခရာများ၊ ကိန်းဂဏန်းများ၊ ပုံဖော်ထားသော အစိတ်အပိုင်းများ၊ အရောင်အသွေးပေါင်းစပ်မှုတို့ အပါအဝင် မျက်စိဖြင့်မြင်တွေ့နိုင်သော အမှတ်အသား တစ်ခုခုကိုသော် လည်းကောင်း၊ ယင်းအမှတ်အသား တစ်ခုနှင့်တစ်ခုပေါင်းစပ်ထားသည့် အမှတ်အသားတစ်ခုခုကိုသော်လည်းကောင်း ဆိုသည်။ ယင်းစကားရပ်တွင် ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ် တံဆိပ်၊ စုပေါင်းပိုင်အမှတ်တံဆိပ်နှင့် အသိအမှတ်ပြု အမှတ်တံဆိပ် တို့လည်းပါဝင်သည်။ (ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ည))

ကုန်အမှတ်တံဆိပ် ဆိုသည်မှာ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်းများကို  အခြားသောလုပ်ငန်းများ၏ ကုန်ပစ္စည်းများမှ ခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ် တစ်ခုခုကို ဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဋ))

ဝန်ဆောင်မှုအမှတ်တံဆိပ်ဆိုသည်မှာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ဝန်ဆောင်မှုများကို  အခြားသောလုပ်ငန်းများ၏ ဝန်ဆောင်မှုများမှ ခွဲခြားသိရှိစေနိုင်သော  အမှတ်တံဆိပ်တစ်ခုခုကိုဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ဌ))

စုပေါင်းပိုင်အမှတ်တံဆိပ် ဆိုသည်မှာ စက်မှုလုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ သို့မဟုတ် ကုန်သည်များဖြင့် စုစည်းထားသော အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် လူမှုစီးပွားရေးအဖွဲ့အစည်းများ သို့မဟုတ် သမဝါယမအသင်းကဲ့သို့ စုပေါင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းက ပိုင်ဆိုင်သည့် အမှတ်တံဆိပ်တစ်ခုခုကိုဆိုသည်။ ယင်းစကားရပ် တွင် အဆိုပါအဖွဲ့အစည်း၏ အဖွဲ့ဝင်များ  ပိုင်ဆိုင်သည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အခြားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများမှ ခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ်လည်း ပါဝင် သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ၂(ဍ))

အသိအမှတ်ပြုအမှတ်တံဆိပ်ဆိုသည်မှာ အမှတ်တံဆိပ်တစ်ခု၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏ မူရင်းဒေသ၊ အရည်အသွေး၊ အမျိုးအစားနှင့် အခြား ထူးခြားသော အချက်အလက်များနှင့် စပ်လျဉ်း၍ အမှတ်တံဆိပ်ပိုင်ရှင်က  ယင်း၏ ထိန်းချုပ်မှုဖြင့် အသုံးပြုခွင့်ရှိကြောင်း အသိအမှတ်ပြုသည့် အမှတ်တံဆိပ်တစ်ခုခုကို ဆိုသည်။ (ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဎ))

ဒေသဆိုင်ရာအညွှန်း ဆိုသည်မှာ မူရင်းဒေသကို အထူးဖော်ညွှန်းသော  အရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အခြားထူခြားသော ဝိသေသလက္ခဏာများပါရှိသည့် ကုန်ပစ္စည်းထွက်ရှိရာ နိုင်ငံ၊ နယ်မြေ သို့မဟုတ် ဒေသမှ မူလထွက်ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက်တစ်ခုခုကိုဆိုသည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ဏ))

ကျော်ကြားသောအမှတ်တံဆိပ် ဆိုသည်မှာ သတ်မှတ်ထားသောစံနှင့်အညီ နိုင်ငံတော်တွင် လူသိများပြီး ကျော်ကြားသော အမှတ်တံဆိပ်တစ်ခုခုကို ဆိုသည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်  ဥပဒေ ပုဒ်မ ၂(တ))

ကုန်သွယ်မှုအမည် ဆိုသည်မှာ ကုန်သွယ်မှု လုပ်ငန်းတစ်ရပ်နှင့် တစ်ရပ် ခွဲခြားသိရှိနိုင်ရန် ဖော်ပြသော အမည် သို့မဟုတ် သတ်မှတ်ချက်ကို ဆိုသည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ထ))

မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကိုခံစားခွင့်

ဤဥပဒေအရ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရရှိရန် မှတ်ပုံတင်လျှောက်ထားလိုသူ သည် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။ (ကုန်အမှတ်တံဆိပ် မူပိုင် ခွင့် ဥပဒေပုဒ်မ ၁၅)

အမှတ်တံဆိပ်ပိုင်ရှင်၊ အမှတ်တံဆိပ်ပိုင်ရှင်၏ အခွင့်အရေးများ

အမှတ်တံဆိပ်ပိုင်ရှင် ဆိုသည်မှာ ဦးစီးဌာန၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်အမှတ်တံဆိပ် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှတ်တမ်းတင်ခြင်း ခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဒ))

အမှတ်တံဆိပ်ပိုင်ရှင်သည် အခန်း(၁၁)ပါ မှတ်ပုံတင်သက်တမ်းနှင့် မှတ်ပုံတင်သက်တမ်းတိုးခြင်း ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါက မှတ်ပုံ တင်သက်တမ်းကာလအတွင်း ဤအခန်းပါ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၃၇)

အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ

အမှတ်တံဆိပ်ပိုင်ရှင်သည် ပုဒ်မ ၃၉ နှင့် ၄၀ တို့ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ သီးသန့်အခွင့်အရေးအဖြစ် (၁) ယင်း၏သဘောတူညီချက်မရှိဘဲ အခြားသူတစ်ဦးက ထပ်တူသို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွင် အသုံးပြု၍ ကုန်သွယ်မှုပြုရာတွင် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေပါက ဤဥပဒေနှင့်အညီ ကာကွယ်တားဆီးခွင့်ရှိသည်။ (၂) မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ  အခွင့်အရေးများကို ချိုးဖောက်သူအား ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးအရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်။ (၃) အောက်ပါအခြေအနေများနှင့် ကိုက်ညီလျှင် မှတ်ပုံတင်ထားသည့် ကျော်ကြားသော အမှတ်တံဆိပ်နှင့်ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို မတူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများတွင် ယင်း၏ သဘောတူညီချက်မရှိဘဲ ကုန်သွယ်မှုပြုရာတွင် အသုံးပြုခြင်းကို ကာကွယ်တားဆီးခွင့်ရှိသည်။ (ကက)မှတ်ပုံ တင်ထားသည့် ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်နှင့် အသုံးပြုထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအကြား ဆက်နွှယ်မှုရှိသည်ဟု ညွှန်ပြသကဲ့သို့ ဖြစ်နေခြင်း၊ (ခခ) ယင်းအမှတ်တံဆိပ်ပိုင်ရှင်၏ အကျိုးစီးပွားကိုထိခိုက်စေနိုင်ခြင်း။ (ခ) အခန်း (၁၃)နှင့်(၁၄)တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းပြုနိုင်သည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၃၈)
သို့ဖြစ်ရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ နည်း
ဥပဒေများပါ သတ်မှတ်ချက်များနှင့်အညီ ကုန်အမှတ် တံဆိပ်မှတ်ပုံတင်အရာရှိထံ လျှောက်ထားခြင်းဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ  အခွင့်အရေးများကို ခံစားခွင့်ရှိမည်ဖြစ်ပါသည်။ 

အခွင့်အရေးရရှိသူ

ဆက်လက်၍ အမှတ်တံဆိပ်ပိုင်ရှင်အပါအဝင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဓ)အရ ကျော်ကြားသောအမှတ်တံဆိပ်ပိုင်ရှင်၊ ဒေသဆိုင်ရာ အညွှန်းပိုင်ရှင်၊ ကုန်သွယ်မှုအမည်ပိုင်ရှင်၊ မှတ်ပုံတင် ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့် အရေးကို လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် ခွင့်ပြု ချက်ဖြင့် လုပ်ပိုင်ခွင့်ပေးခြင်းခံရသူအဖြစ် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့် အရေးရရှိသည့်  လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုခုဖြစ်သော အခွင့်အရေးရရှိသူ၏ အခွင့်အရေးများကို ဆက်လက်တင်ပြအပ်ပါသည်။

အမှတ်တံဆိပ်ပိုင်ရှင်သည် အခြားသူတစ်ဦးဦးက စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှု  လုပ်ငန်းများအတွက် (က) ပိုင်ရှင်၏ ကိုယ်ပိုင်အမည် သို့မဟုတ် နေရပ်လိပ်စာ၊ (ခ) ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏အမျိုးအစား၊  ဆက်စပ်သော အကြောင်းအရာ၊ အရည်အသွေး၊ အရေအတွက်၊ ရည်ရွယ်ထားသောအသုံးဝင်မှု၊ တန်ဖိုး၊ မူရင်းဒေသ၊ ထုတ်လုပ်သည့်အချိန်ကာလ သို့မဟုတ် အခြားသော လက္ခဏာများကိုဖော်ပြသည့် ညွှန်းပြချက်များ၊ (ဂ) ကုန်ပစ္စည်းကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အသုံးပြုရန် ရည်ရွယ်သည့်ဖော်ပြချက်၊ အထူးသဖြင့် တွဲဖက်သုံးပစ္စည်းများ သို့မဟုတ် အပိုပစ္စည်းများ၏ အသုံးပြုရန်ရည်ရွယ်သည့်  ဖော်ပြချက်တို့နှင့် စပ်လျဉ်း၍ သဘောရိုးဖြင့် အသုံးပြုဆောင်ရွက်ခြင်းကို  တားမြစ်ပိတ်ပင်ခွင့် မရှိစေရပါ။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၃၉)

အမှတ်တံဆိပ်ပိုင်ရှင်သည်  ယင်းကိုယ်တိုင်က ဖြစ်စေ၊ ယင်း၏ သဘောတူညီချက်ရရှိသူကဖြစ်စေ ပေးပို့ထားသည့် ဈေးကွက်တွင် ရောက်ရှိနေသော ကုန်ပစ္စည်းများ၌ ယင်း၏အမှတ်တံဆိပ်ကို အသုံးပြုခြင်းအား တားမြစ်ပိတ်ပင်ခွင့် မရှိစေရ။ (ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၄ဝ)

အခွင့်အရေးရရှိသူသည် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည်ဟု စွပ်စွဲခံထားရသော ကုန်ပစ္စည်းများကို နိုင်ငံတော်နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက်ရှိကြောင်း သို့မဟုတ် တင်သွင်းရန်ရှိကြောင်း သံသယဖြစ်ဖွယ်ရာ အထောက်အထားရှိပါက အဆိုပါ  ကုန်ပစ္စည်း ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာဝင်ရောက်ခွင့်ပြုခြင်းကို  ဆိုင်းငံ့မိန့်ထုတ်ပေးရန်

သတ်မှတ်ချက်နှင့်အညီ  အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၈)

အခွင့်အရေးရရှိသူသည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ  အရေးယူပေးရန် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။ (ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၇(ခ)/ ၃၈(က)(၂))) 

အခွင့်အရေးရရှိသူသည် နစ်နာမှုအတွက် တရားမကြောင်းအရ ပုဒ်မ ၇၉ နှင့် ၈ဝ တို့ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ယာယီအရေးယူဆောင်ရွက်သည့် အမိန့်ချမှတ်ပေးရန် မူပိုင်ခွင့်တရားရုံးတွင် အထွေထွေမှု လျှောက်ထားနိုင်သည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၇(က))
ပုဒ်မ ၄ဝ တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ အမှတ်တံဆိပ်ပိုင်ရှင်သည် ကုန်ပစ္စည်းများကို ဈေးကွက်သို့ တင်သွင်းပြီးနောက် ယင်းကုန်ပစ္စည်း ၏အခြေအနေ  ပြောင်းလဲသွားလျှင် သို့မဟုတ် ပျက်စီးယိုယွင်းသွားလျှင်  ယင်းကုန်ပစ္စည်းအား ဆက်လက်ရောင်းချခြင်းကို တည်ဆဲဥပဒေနှင့်အညီ တားမြစ်ပိတ်ပင်နိုင်သည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၄၁)
အများပြည်သူသို့ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ ဤဥပဒေအရ အကာအကွယ်ပေးထားသော အမှတ်တံဆိပ်ကို ချိုးဖောက်ခြင်းနှင့် ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခြင်း 

ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်း များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ထပ်တူ သို့မဟုတ် အလားတူ မှတ်ပုံတင်မထားသည့် ကျော်ကြားသော အမှတ်တံဆိပ်သင်္ကေတတစ်ခု အား ခွင့်ပြုချက်မရဘဲ အသုံးပြုခြင်းသည် အများ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်ဟု မှတ်ယူရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၈(ခ))

အမှတ်တံဆိပ်ပိုင်ရှင် မဟုတ်သော အခြားသူ တစ်ဦးက ယင်းအမှတ်တံဆိပ်ကို ပိုင်ရှင်၏ သဘော တူ ခွင့်ပြုချက်မပါဘဲ ပုဒ်မ ၃၈ ပါ အခွင့်အရေး တစ်ရပ်ရပ်ကို နိုင်ငံတော်တွင် ကျင့်သုံးဆောင်ရွက် ပါက ဤဥပဒေအရ အကာအကွယ်ပေးထားသော အမှတ်တံဆိပ်ကို ချိုးဖောက်သည်ဟု မှတ်ယူရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၈(က))

မည်သူမဆို  စီးပွားရေးအလို့ငှာ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို အခွင့်အရေးရရှိသူ၏ သဘော တူခွင့်ပြုချက်မရှိဘဲ (၁)အမှတ်တံဆိပ်အတုပြုလုပ် ခြင်း၊ (၂) အမှတ်တံဆိပ်အတုအား ကုန်ပစ္စည်းတွင် အသုံးချခြင်း သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း ၍ အသုံးချခြင်း၊ (၃)အမှတ်တံဆိပ်အတုပြုလုပ်ရန် ဖြစ်စေ၊ အမှတ်တံဆိပ်အတုကို ကုန်ပစ္စည်းတွင် အသုံးချရန်ဖြစ်စေ အဓိကအသုံးပြုသော မည်သည့် ပစ္စည်း သို့မဟုတ် ကိရိယာတန်ဆာပလာများကိုမဆို လက်ဝယ်ထားရှိခြင်းတို့ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၈၇(က))

မည်သူမဆို စီးပွားရေးအလို့ငှာ (၁)အမှတ် တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းအား ရောင်းဝယ်ဖောက်ကားဖြန့်ဝေခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားဖြန့်ဝေရန် လက်ဝယ်ထားခြင်း၊ (၂) အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းအား နိုင်ငံတော်သို့ တင်သွင်းခြင်း သို့မဟုတ် နိုင်ငံတော်မှ တင်ပို့ခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၈၇(ခ))
သို့ဖြစ်၍ အခွင့်အရေးရရှိသူအနေဖြင့် ၎င်း၏ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေး ချိုးဖောက် သူအပေါ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါ  ပြဋ္ဌာန်း ချက်များအရ တရားမကြောင်း၊ ရာဇဝတ်ကြောင်းတို့ ဖြင့် တရားစွဲဆိုခွင့်ရှိမည်ဖြစ်သကဲ့သို့ မိမိအနေဖြင့် လည်း ဤဥပဒေအရ အကာအကွယ်ပေးထားသော အမှတ်တံဆိပ်အား ထင်ယောင်ထင်မှားဖြစ်စေနိုင်မည့် အသုံးပြုခြင်းများကို သတိပြုရှောင်ရှားခြင်းဖြင့် ဘေးကင်းရန်ကွာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်စေရန် စုစည်းတင်ပြအပ်ပါသည်။ ။