ရန်ကုန် ဩဂုတ် ၁၂

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ မှုခင်းများကြားနာစစ်ဆေးစီရင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် က တရားရုံးများအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အခွင့်အရေးကို တရားစီရင်ရေးကဏ္ဍမှ ဥပဒေအရ အပြည့်အဝအကာ အကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မူပိုင်ခွင့်ဥပဒေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆောင်ရွက်ချက်များနှင့် Judicial Review ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်ကျော်ကလည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ တရားမကြောင်းဖြင့် မှုခင်းများစွဲဆို စစ်ဆေးစီ ရင်ခြင်းခေါင်းစဉ်ဖြင့် ကျောက်တံတားခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ဦးမင်းသန့် က လည်းကောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ရာဇဝတ်ကြောင်းဖြင့် မှုခင်းများ စွဲဆိုစစ်ဆေးစီရင်ခြင်း ခေါင်းစဉ်ဖြင့် ကျောက်တံတားခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဦးသန့်စင်ငြိမ်းက လည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့် ဥပဒေပညာရှင်များက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်