၂၀၂၀ ပြည့်နှစ် ဆောင်းရာသီထုတ်လုပ်မည့် ကုန်စိမ်းသီးနှံများ ထုတ်လုပ်သည်မှ ဈေးကွက်ဝင် ရောက်နိုင်သည်အထိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် မှိုစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့နှင့် နည်းပညာရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယခု ကိုဗစ်-၁၉ ကာလတွင် ထွက်ပေါ်လာမည့် သီးနှံများကို ဈေးကွက်သို့ရောက်ရှိရန် ကန့်သတ်ချက်၊ တားမြစ်ချက်များကြောင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ ကုန်စည်သယ်ယူပို့ဆောင်ရေးများ၌ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ကန့်သတ်မှုများရှိလာပြီး သီးနှံထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ထိခိုက်လာနိုင်သဖြင့် ကြိုတင်စီမံမှုများ လိုအပ်လာပါကြောင်း၊ အဆိုပါ သီးနှံများအတွက် သွင်းအားစုများနှင့် အရည်အသွေးပြည့် ဓါတ်မြေဩဇာများ မှန်မှန်ကန်ကန် လျင်လျင်မြန်မြန်ရရှိရန်လည်း လိုအပ်ပါကြောင်း၊ တရုတ်နယ်စပ်သို့ ဖရဲသခွားတင်ပို့ရန်အတွက် နယ်စပ်တွင် ကန့်သတ်မှုများရှိနေ၍ ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး သီးနှံစိုက်ပျိုးသူများ ထိခိုက်နစ်နာမှုများရှိကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်အခြေအနေကို ကြည့်၍ သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန်လည်းလိုအပ်ပါကြောင်း၊ တစ်ဖက်နိုင်ငံ၏ စားသုံးမှုလည်း ကျဆင်းလာသကဲ့သို့ စားသောက်ဆိုင်များတွင် ကြက်သွန်၊ ဂေါ်ဖီသုံးစွဲမှုနှုန်း ကျဆင်းလာသဖြင့် ဝယ်လိုအားလည်း ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ပုပ်သိုးလွယ်သီးနှံများ ပြည်တွင်းဈေးကွက်သို့ လျင်လျင်မြန်မြန် ပို့ဆောင်နိုင်ရန်အတွက် ဖြစ်ပေါ်နေသည့် အတားအဆီးများကို ဌာနများ၊ အသင်းအဖွဲ့များပေါင်းစပ်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အကန့်အသတ်များ ရှိနေပါကြောင်း၊ အလုပ်သမားများ၊ စိုက်ပျိုးထုတ်လုပ်သူများပါဝင်သည့် ကွင်းဆက်တစ်ခုလုံးအတွက် စံသတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲအဖြေရှာ ပေးနိုင်ပါက ကောင်းမွန်နိုင်ပါကြောင်း၊ မှို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အရင်းအနှီးလိုအပ်မှုကို သမဝါယမချေးငွေမှ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှို စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်သော သွင်းအားစု၊ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးနည်းစနစ်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ မှိုစိုက်ပျိုးနည်းစနစ်များကို သင်တန်းပို့ချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြည်တွင်းတွင် ကုန်တင်ယာဉ်များ ကန့်သတ်မှုရှိနေပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့်လည်း ကုန်းကြောင်းကုန်သွယ်မှုကို အဟန့်အတားဖြစ်နေကြောင်း၊ ထိုသို့ဖြစ်ပေါ်နေမှုကို မည်သို့ ကျော်လွှားကြမည်လဲဆိုသည်ကို ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ Cold Storage၊ Packing House နှင့် Logistic Commodity Exchange Center များထူထောင်နိုင်ပါက ကုန်စည်စီးဆင်းမှု ချောမွေ့လာနိုင်ပါကြောင်း၊ ပြည်ပဝယ်လိုအားကို ထိန်းညှိရောင်းချနိုင်ပါက ပုပ်သိုးပျက်စီးမှု၊ ဈေးနှုန်းကျဆင်းမှုများကို ရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း၊ သီးနှံကုန်စည်ဒိုင်များကို မန္တလေး၊ လားရှိုးနှင့် တန့်ယန်း (နမ့်ဖတ်ကာ) ဒေသများတွင် တည်ထောင်နိုင်ပါက ပြည်ပတင်ပို့မှုကို အထောက်အကူပြုနိုင်ကြောင်း၊ Stay Home ကာလတွင် စားသုံးသူများကို ကုန်စည်ရောင်းချသည့် ဈေးကားများဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ဆောင်ရွက် ပေးနေသည်များရှိပါကြောင်း၊ ကုန်ကြောင်းပိုင်းသာမက လေကြောင်းလိုင်းဖြင့်လည်း တင်ပို့မှုများ စီစဉ်နိုင်ရန်လိုအပ်ပါကြောင်း၊ သီးနှံထွက်ရှိရာဒေသမှ အနီးဆုံးနိုင်ငံများသို့ တင်ပို့နိုင်ရေး ဆွေးနွေးကြရန်လည်း လိုအပ်ပါကြောင်း၊ ကုန်သည်များအနေဖြင့် တင်ပို့လိုသည့် နိုင်ငံများကို အဆိုပြုပေးပါက စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ မှိုစိုက်ပျိုးမှုချဲ့ထွင်ရန် လိုအပ်ပါကြောင်း၊ မှိုသည် ပရိုတင်းဓါတ်ကြွယ်ဝ၍ အာဟာရရှိသဖြင့် ဈေးကွက်ဖန်တီးပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် မှိုစိုက်ပျိုးမှုများပြားပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ရောင်းချလျက်ရှိရာ မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဓါတ်ခွဲခန်း၊ ပေါင်းတင်စက် စသည်များ ပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


