နေပြည်တော်၊ ဩဂုတ် ၂၇

 

ဘဏ်လုပ်ငန်းဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒိုယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့် ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံပိုင်ဘဏ်များ၊ နိုင်ငံခြားဘဏ်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။  

 

အစည်းအဝေးတွင် (ကုန်စည်/ စီးဆင်းဗဟို) အတွင်းရေးမှူးက မေ၊ ဇွန်နှင့် ဇူလိုင်လများအတွက် စက်ရုံ/အလုပ်ရုံများမှ လုပ်ခ/လစာများ ပေးချေရန်ကျန်ရှိနေသည့်ကိစ္စ၊ ဗီယက်နမ် နိုင်ငံတွင် ကိုဗစ်ဖြစ်ပွား၍ မြန်မာနိုင်ငံရှိ စက်ရုံ/ အလုပ်ရုံများတွင် အမှာစာများ ပြန်လည်ရရှိပြီး လုပ်ငန်းများပြန်လည်လည်ပတ်ရေးကိစ္စ၊ ဘဏ်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ယခု ဩဂုတ်လအတွင်း စိစစ်ဆောင်ရွက်ပေးမည့် အကြောင်းအရာများကို ဆွေးနွေးသည်။

 

ယင်းနောက် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ ဒေါ်သန်းသန်းဆွေကဘဏ်များ၏ Operation ပိုင်းဆိုင်ရာကိစ္စရပ်များ ဖြစ်သည့် CBM-Net System အတွင်း ဘဏ်များအနေဖြင့် တစ်ဘဏ်နှင့် တစ်ဘဏ် ငွေလွှဲပြောင်းမှုများကို ကန့်သတ်ချက်မရှိဘဲ ဆောင်ရွက်ပေးရေး၊ ပမာဏကြီးမားသော လွှဲပြောင်းမှုများအတွက် တစ်ဘဏ်နှင့် တစ်ဘဏ်ညှိနှိုင်း၍ Customer များအား T+2 တွင် ဆောင်ရွက်ပေးနိုင်ရေး၊ ပမာဏသေးငယ်သော Transaction များအတွက် အချိန်နှင့်တစ်ပြေးညီ ကန့်သတ်ချက်မရှိဆောင် ရွက်ပေးနိုင်ရေး၊ လုပ်ခ/လစာများအချိန်မီ ထုတ်ပေးနိုင်ရေး၊ စက်ရုံ/ အလုပ်ရုံများပြန်လည်ရှင်သန်နိုင်ရေးသည် နိုင်ငံတော်၏စီးပွားရေးကို လှုပ်နှိုးရန် အကြောင်းရင်း တစ်ခုဖြစ်၍ ဦးစားပေးဆောင်ရွက်ရန်၊ နိုင်ငံပိုင်ဘဏ်များမှလည်း ဘဏ်အချင်းချင်း စာရင်း ရှင်းလင်းမှုကာလကို ၂ ပတ်၊ ၁ လထိ မကြန့်ကြာစေဘဲ အဓိကအားဖြင့် အခွန်ခများ၊ လျှပ်စစ်မီတာခများနှင့် အကောက်ခွန်ကိစ္စရပ်များကို နှစ်ချုပ်ဘဏ္ဍာရေးနှစ်မတိုင်မီ ဦးစားပေးဆောင်ရွက်ရန်၊ နှစ်ချုပ်ဘဏ္ဍာရေး နှစ်အတွက် Cheque၊ P.O များဖြင့် စာရင်းရှင်းလင်းရာတွင် အချိန်မီရှင်းလင်းနိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ ဘဏ်များအပေါ် ယုံကြည်မှုပိုမိုကောင်းမွန်လာစေရန် ဗဟိုဘဏ်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း Payment များကို ကန့်သတ်ချက်များမရှိဘဲ ဆောင်ရွက်ပေးရန်နှင့် Digital Payment၊ Account to Account Transfer များ၊ CBM-Net ၏ Account Transfer များ၊ Mobile Payment များ စသည့် အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများကို တွန်းအားပေးဆောင်ရွက်ရန်ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ယခုလိုအခြေအနေမျိုးတွင် ဘဏ်များအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာတွင် ကန့်သတ်ချက်များလျှော့ချ၍ ဝန်ဆောင်ခနှုန်းများ လျှော့ချရန်လိုကြောင်း၊ ဗဟိုဘဏ်မှ ဘဏ်များ၏ ရေရှည်ရပ်တည်နိုင်ရေး၊ Financial Strength ပိုမိုအားကောင်းစေရေးတို့ကို ရေရှည်တွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Credit Expansion ပြုလုပ်နိုင်ရန်အတွက် MMK Liquidity, FX SWAP Facility များ လည်းပံ့ပိုးထားပါကြောင်း၊ လိုအပ်ပါကလည်း Credit Line များပေးရန်ရှိပါကြောင်း၊ ဘဏ်များအနေဖြင့် တိုင်းပြည်၏စီးပွားရေးကို လှုပ်နှိုးနိုင်မည့် လုပ်ငန်းကြီးများ၊ လုပ်ငန်းငယ်များအတွက် Financing ပေးနိုင်ရန် ကာလတို/ ကာလရှည်အသုံးပြုမည့် Funding Mechanism များ ဗဟိုဘဏ်မှ စဉ်းစားပေးနေခြင်းကြောင့် ဗဟိုဘဏ်သို့ Reporting ပေးရာတွင် Data များမှန်ကန်ပြီး အချိန်မီ ပေးပို့ရန် လိုအပ်ကြောင်း၊ သို့မှသာ ဗဟိုဘဏ်က ထိရောက်သော သုံးသပ်ချက်များနှင့် မူဝါဒများချမှတ်ပေး နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)