ကျောက်မဲ ၃၀ စက်တင်ဘာ

           

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကာကွယ်ထိန်းချုပ်ထားသည့် ကာလအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် မန္တလေး - လားရှိုး - မူဆယ် ကုန်တင်ယာဉ်များ သွားလာမှုနှင့်စပ်လျဉ်း၍ စံသတ်မှတ်ချက်များနှင့်အညီ သွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျောက်မဲခရိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ နာယက ဦးမျိုးကျော်က ဆွေးနွေးရာတွင် ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များသည် မန္တလေး - လားရှိုး - မူဆယ် အဝေးပြေး ပြည်ထောင်စု လမ်းမကြီးပေါ်၌ တည်ရှိနေသောကြောင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်း သွားလာရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်သော ညွှန်ကြားချက်များအား  တိတိကျကျ လိုက်နာကြရမည်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိသူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ ကုန်တင်ယာဉ်များ သွားလာမှုနှင့်ပတ်သက်သည့် စံသတ်မှတ်ချက်များဖြစ်သော ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ကုန်များတင်ဆောင်လာရာ လမ်းတလျှောက်တွင် ညအိပ်တစ်ထောက် ရပ်နားရန် နေရာများ၌ ဆောင်ရွက်ရမည့်အချက်များ၊ ကုန်တင်ယာဉ်ပိုင်ရှင်များ၊ ယာဉ်ငှားရမ်းသူများ၊ ကုန်ပစ္စည်း လက်ခံမည့်သူများ လိုက်နာရမည့်အချက်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ကျောက်မဲခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ကော်မတီများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်း ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ကေသွယ်ဟန်(ခရိုင်ပြန်/ဆက်)