နေပြည်တော် အောက်တိုဘာ ၉

ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ် များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်​ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးညွန့်အောင်က မူဆယ်ဒေသနှင် ချင်းရွှေဟော်ဒေသတို့ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်‌ ရေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကုသရေးစင်တာများ တည်ဆောက်ပြီးစီးမှု၊ RTPCR စက်ကြီးများဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက်နေမှု၊ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှု၊ ကုန်တင်ယာဉ်ကြီးများ ယာယီကုန်ချိန်ကွင်းတည်ဆောက် နေမှုနှင့် ရှန်တိန် ယာဉ်မောင်းများအား အဆင်သင့်ပြင်ဆင်ထားရှိမှု၊  မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ကုန်သွယ် မှုနှင့်ပတ်သက်၍ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းများ မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ ထိထိရောက်ရောက် ဆောင်ရွက်ပြီးနောက် ကုန်သွယ်မှု လုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်ရာတွင်  မိမိတို့နိုင်ငံဘက်၌ ရောင်းသူ ဈေးကွက်ဖြစ်ပေါ် စေရေး၊ နှစ်နိုင်ငံမျှတသည့် ကုန်သွယ်မှုဖြစ်ပေါ်စေရေး၊ တစ်ဖက်နိုင်ငံ တာဝန်ရှိသူ များနှင့် ကြိုတင် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးရာတွင် ကွမ်းလုံ သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းတည်ဆောက်နေဆဲကာလတွင် အသုံးပြုနိုင်ရန်အတွက် ခံနိုင် ဝန်အား တန်ချိန် (၅၀) ယာဉ် ဖြတ်သန်းနိုင်သည့် ယာယီဘေလီတံတားအား အောက်တိုဘာလ အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရှိရပြီး ယာယီတံတား တည်ဆောက်ပြီးစီးပါက ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အစည်းအ‌ဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော် မတီတွဲဖက်အတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ မူဆယ်ခရိုင်  Task Force အဖွဲ့ဝင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)