ကုန်စည်များ ပိုမိုတင်ဆောင်နိုင်သည့် သင်္ဘောကြီးများ ဝင်ရောက်နိုင်ရန် ရန်ကုန်မြစ်ကြောင်း တူးဖော်

mdn

ရန်ကုန် ၁၆ မေ

 

မြန်မာနိုင်ငံ၌ သွင်းကုန်ပို့ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်  ကုန်စည်များ ပိုမိုတင်ဆောင်နိုင်သည့် ရေဆူးကိုးမီတာရှိ သင်္ဘောကြီးများ နေ့စဉ်နှင့်အမျှဝင်၊ ထွက်သွားလာနိုင်ရန် ရန်ကုန်မြစ်ကြောင်း သောင်တူးဖော်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း  သိရသည်။

 

“အရင်က ရေဆူး ကိုးမီတာရှိတဲ့ သင်္ဘောတွေ ရေအလွန်တက်မှ ဝင်လို့ရတယ်၊  အဲဒါကြောင့် ၁၀ ရက် လောက်ပဲ ဝင်နိုင်တယ်၊ ရေလမ်းကြောင်းဟာ အရင်ထက် ပိုနက်လာမယ်ဆိုရင် ရန်ကုန်မြစ်ထဲကို ရေဆူးကိုးမီတာရှိတဲ့ သင်္ဘောကြီးတွေ နေ့စဉ်နီးပါး ဝင်နိုင်မယ်၊ အဲဒီ သင်္ဘောကြီးတွေက ကုန်စည်တွေ အများကြီးတင်နိုင်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်းဌာနမှ ဌာနမှူး ဦးအောင်ကျော်ထူးက ပြောသည်။

 

အဆိုပါ သောင်တူးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်  စင်ကာပူနိုင်ငံမှ MV.REEM ISLAND သောင်တူးသင်္ဘောကြီးမှာ မေ ၁၄ ရက် မွန်းလွဲပိုင်းက သီလဝါဆိပ်ကမ်းအနီးသို့ ရောက်ရှိပြီး သောင်တူးခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေကြာင်း သိရသည်။

 

“အဓိက က အပြင်စည်းခုံဖြစ်တဲ့ ရန်ကုန်မြစ်ဝ ပတ်ဝန်းကျင်နဲ့ အတွင်းစည်းခုံဖြစ်တဲ့ သန်လျက်စွန်းနားမှာ တူးမှာပါ၊ တစ်လခွဲ နှစ်လလောက် ကြာမယ်၊ သန်လျက်စွန်းနေရာက  သဘာဝအရ နုန်းတွေ သဲတွေ ပို့ချသလို ဖြစ်နေတဲ့အတွက် အမြဲစောင့်ကြည့်ရတယ်၊ ကျွန်တော်တို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှာရှိတဲ့ အသေးစား သောင်တူး သင်္ဘောလေးစင်းနဲ့လည်း  သောင်တူးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်”ဟု ဌာနမှူး ဦးအောင်ကျော်ထူးက ပြောသည်။

 

အဆိုပါ သောင်တူးခြင်းလုပ်ငန်းများကို ကြီးမားသည့် သောင်တူးသင်္ဘောများဖြင့် ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်ကြောင်း  သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ
ဇာနည်မောင်၊ အေးမင်းသူ